ဘော်ဒါ ''နှာခေါင်းစည်းကို မေးမှာ မသိုင်းထားနဲ့ ဒီလိုအုပ်ထား၊ အသက်ရှူချင်ရင် မေးစေ့အောက်က နှာခေါင်းစည်းစကို ဟပြီးရှူ၊ အခုရောဂါတွေက ဘာမှန်းမသိဘူး။ ခင်ဗျားတို့ နှာခေါင်းစည်း တပ်ဖို့လိုတယ်။ နှာခေါင်းစည်း မတပ်ရင် ကူးစက်ဥပဒေအရ အရေးယူလို့ ရတယ်'' ဆိုတဲ့ ဝိုင်ဘီအက်စ် ၃၇ ပေါ်ကခရီးသွားပြည်သူ အချင်းချင်း ကိုဗစ်ကာကွယ်မှု အတွက် အားမနာတမ်း တပ်လှန့်လိုက် သည့် အသံဖြစ်သည်။
သြဂုတ် ၁၆ ရက်မှစတင်ကာ စစ်တွေမြို့ တွင် တစ်ကျော့ပြန်လည်ဖြစ်ခဲ့သည့် ကိုဗစ်ကူး စက်မှုကြောင့် ယခု လကုန်ပိုင်းအထိ ကူးစက် လူဦးရေ ၆၂၈ ဦးခန့် ရောဂါပြန်လည်တွေ့ရှိခဲ့ပြီး အတည်ပြု လူနာ အရည်အတွက်ကလည်း များပြားခဲ့သည်။
ခရီးသွားအချင်းချင်း အားမနာတမ်း သတိပေးနေသူ အသက် ၅ဝ အရွယ်ခန့်အမျိုးသားက ကားပေါ်လိုက်ပါလာပြီး နှာခေါင်းစည်း မတပ်ထားသူများကို အားမနာပ ပြောဆိုနေပုံကို လူတချို့နှစ်သက်ပုံမပေါ်၊ တချို့ကလည်း ပါးစပ်အဟောင်းသားနဲ့ ဒီလူဘာလဲဆိုတဲ့ ပုံစံမျိုးဖြင့် မင်သက်နေခဲ့ ကြသည်။
''ဒီလူပြောတာမှန်တယ်။ ကျွန်တော်တို့ လူမျိုးတွေက ဖြစ်တုန်းခဏပဲ ကြောက်ကြတာ။ ပြီးခဲ့တဲ့ လတွေက နှာခေါင်းစည်းတွေ မတပ် သလောက်ပဲ။ စစ်တွေမှာ ရောဂါပြန်တွေ့တယ် ဆိုမှ နှာခေါင်းစည်းတွေ ပြန်တပ်ကြတယ်။ကျန်းမာရေးဝန်ကြီးဌာနက မြန်မာပြည်မှာ ဒီရောဂါ ကင်းစင်ပြီလို့ မကြေညာသေးသရွေ့ လူတိုင်းအပြင်သွားရင် နှာခေါင်းစည်း တပ်နေ ရဦးမှာပဲ။ လက်ဆေးနေရဦးမှာပဲ။ ဖြစ်ရင် အကုန်ခံရမယ်။ ဆေးခု ထိမတွေ့သေးတော့ ပိုပြီးတော့ဆိုးတယ်''ဟု အဆိုပါယာဉ်ပေါ်တွင် လိုက်ပါလာသူ ကျောက်တံတားမြို့နယ်နေ ကိုတူးမောင်က ပြောသည်။
COVID-19 ရောဂါ မြန်မာပြည်သို့ စတင်ရောက် ရှိခဲ့သည့် မတ် ၂၃ ရက်မှ စတင်ကာ လူတိုင်းနီးပါး ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို အလေးထားခဲ့သော်လည်း ထိန်းချုပ်မှု အားကောင်းခြင်းကြောင့် ကူးစက်သူ မရှိသလောက်လျော့နည်းလာချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်နှင့် ညွှန်ကြား ထုတ်ပြန်ချက်များကို ပြည်သူအများ လျစ်လျူ ရှုခဲ့ကာ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိ အသွားအလာ ရဲတင်းလာခဲ့ခြင်းကြောင့် ယခုကဲ့သို့ COVID-19 ရောဂါပြန်ပွားလာခြင်းဖြစ်သည်။
''ရောဂါပိုးမကူးစက်သူ နည်းပါး သလောက် ဖြစ်သွားတဲ့ အချိန်မှာ လူတွေ နှာခေါင်းစည်းမတပ် တော့ဘူး။ ဒါပေမဲ့ မတပ်ရင်လည်းအဖမ်း ခံရမယ်ဆိုတဲ့ အသိကရှိနေ ပြန်တော့ နှာခေါင်း စည်းကို မတပ်ဘဲ အိပ်ကပ်ထဲထည့်ထားတာမျိုး၊ မေးသိုင်းထားတာမျိုးတွေကို လုပ်လာတယ်။ တချို့ဆိုရင် လုံးဝမတပ်တော့ဘူး။ ဒီရောဂါ မရှိပါဘူးဆိုတဲ့ ပုံစံတွေတောင် ဖြစ်လာတယ်။ တချို့လူတွေဆိုရင် ကိုဗစ်ကြီး ပြီးသလိုလိုနဲ့ ခရီးတွေသွားနေတယ်။ အခုချိန်ထိ ဘီယာဆိုင်၊အရက်ဆိုင်တွေမှာ ညတိုင်းလူတွေ အုပ်စု လိုက်ဝိုင်းဖွဲ့ပြီး စားသောက် နေမှုတွေလည်း ရှိနေတယ်''ဟု တာမွေမြို့နေ ကုမ္ပဏီ ဝန်ထမ်း ကိုနေထွန်းဦးက ပြောကြား သည်။
သြဂုတ် ၁၅ ရက်တွင် အစိုးရညွှန်ကြားချက် ဖြင့် နိုင်ငံတစ်ဝန်းရှိ ဟိုတယ်များ သီးခြားနေရာ များ၊ ဘား၊ နိုက်ကလပ်၊ ကေတီဗီ အစရှိသည့် နေရာများကို ဖွင့်လှစ်ခြင်းခွင့်မပြုကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ခဲ့သော်လည်း လူ အများစု သွားလာနေသည့် စားသောက်ဆိုင်၊ ဘီယာ၊အရက်ရောင်းချသည့် နေရာများ ပါဝင် ခဲ့ခြင်းမရှိခြင်းက ရောဂါကူးစက်ထိန်းချုပ်မှုဆောင်ရွက်သည့် အပိုင်းတွင် လက်တစ် လုံးခြားပြုလုပ်နေခြင်းပင်ဖြစ်သည်။
တာဝန်ရှိသူများ၏ COVID-19 အပေါ် လက်ဦးမှုရနေခြင်းနှင့် ထိန်းသိမ်း မှုအားကောင်းမှုအပေါ် ပြည်သူများ အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်ညွှန်ကြားချက် တစ်စုံတစ်ရာမရ ရှိဘဲ မိမိသဘောဖြင့်နေထိုင်မှုက ပတ် ဝန်းကျင်နေသူများအပေါ် ရောဂါဖြန့် နေသူဟု ကိုနေထွန်းဦးက ပြောသည်။
''COVID-19 စဖြစ်တော့ ကား မှတ်တိုင်၊ အိမ်တွေ၊ ဆိုင်တွေနဲ့ လမ်း တွေမှာ လက်ဆေးဖို့နေရာတွေ သေချာ ထားပေးတယ်။ အခုလည်း တွေ့နေ ရတယ်။ ဒါပေမဲ့ လက်ဆေးမယ့်သူ မရှိသလောက်နည်းသွားတယ်။ တချို့ လက်ဆေးဘေစင်တွေဆိုရင် ဖျက်ဆီး ခံရပြီး ဆပ်ပြာဘူးတွေ၊ ဘေစင်တွေက အစ အခိုးခံရတဲ့နေရာတွေလည်း ရှိ တယ်'' ဟု သဃင်္န်းကျွန်းမြို့နယ်နေ ကိုမိုးဦးက ပြောသည်။
လူတစ်ဦးနှင့် တစ်ဦးကြား လေထဲ မှတစ်ဆင့် ရောဂါကူးစက်မှု မဖြစ်ပေါ် စေရေးအတွက် ကျန်းမာရေးသုံး နှာ ခေါင်းစည်းများအပါဝင် အဝတ်ဖြင့်ချုပ် ထားသည့် နှာခေါင်းစည်းများကိုလည်း လူတိုင်းနီးပါး အသုံးပြုရန်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြား ချက်၊ ထုတ်ပြန်ထားသည့် ဒေသန္တရ အမိန့်များအပေါ်လည်း အရေးယူ ဆောင်ရွက်မှုအပိုင်းတွင်သက်ဆိုင်ရာ ဌာနများအနေဖြင့် ဥပဒေနှင့်အညီ တင်းကျပ်စွာဆောင်ရွက်ရန် လိုအပ် လာပြီဖြစ်သည်။
''အင်တာနက်မှာ တွေ့တယ်။ အိန္ဒိယမှာ နှာခေါင်းစည်းမတပ်တာတို့၊ မလိုအပ်ဘဲ အပြင်ထွက်တာတို့ဆိုရင် ရဲတပ်ဖွဲ့ဝင်တွေက ရိုက်နှက်သတိပေး တာတွေရှိတယ်။ ဒီမှာက ဖမ်းတယ် သာပြောတယ်။ ဘယ်နား ဖမ်းမှန်း လည်းမသိဘူး။ အဲဒီလိုမျိုးအရေးယူ ဆောင်ရွက်တဲ့အပိုင်း အားနည်းနေ တာကြောင့် လူတိုင်းစည်းကမ်းဖောက် လာတယ်။ ထုတ်ပြန်တဲ့အမိန့်ကို လိုက် နာမှုမရှိကြတော့ အခုလိုမျိုး မလိုအပ် ဘဲ ရောဂါကူးစက်မှုတွေ ပြန်လည်များ ပြားလာတယ်လို့မြင်တယ်'' ဟု တောင် ဥက္ကလာပမြို့နယ်နေ အိမ်ရှင်မတစ်ဦး ဖြစ်သည့် ဒေါ်မြနှင်းသက်က ပြောသည်။
ပြည်သူများ နှာခေါင်းစည်းတပ် သွားလာဖို့ ရန်အတွက် မြို့နယ်အလိုက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့စည်းများ ဖြင့် ကွင်းဆင်းကာနေစဉ် အရေးယူ ဆောင်ရွက်သွားရန်လိုအပ်ပြီး ဒဏ် ငွေ ၅,ဝဝဝ မဟုတ်ဘဲ ပြင်းထန်သည့် ဥပဒေကို ပြြာန်းဆောင်ရွက်မည်ဆို ပါက ပြည်သူများလိုက်နာမည်ဟုယုံ ကြည့်ကြောင်း ၎င်းက ပြောသည်။
COVID-19 ရောဂါပိုး ပြန့်ပွားမှု မရှိစေရန် ထိန်းချုပ်နိုင်ရေးအတွက် နေ့စဉ်နှင့်အမျှ ခရီးသယ်တင်ယာဉ် များပေါ်၊ လမ်းသွားလမ်းလာသွားလာ သူအချင်းချင်း အားမနာတမ်းပြောဆို အသိပညာပေးမှုသည် ကောင်းသည့် လက္ခဏာတစ်ရပ်ဖြစ်ပြီး တပ်ဆင်အသုံး ပြုသည့် နှာခေါင်းစည်းများကိုလည်း စနစ်တကျ အမှိုက်ပုံအတွင်း စွန့်ပစ် ခြင်းဖြင့် လေမှတစ်ဆင့်ကူးစက်သည့် COVID-19 ရောဂါပိုးကို ကာကွယ်ရာတွင် ကူညီရာရောက်ပေမည်။
















