ဟက်ကာများက ဘရာဇီးကလပ်ခရူဇီယိုအသင်း၏ ဝက်ဘ်ဆိုက်ဒ်ကို ဟတ်ခဲ့ပြီးနောက် အာဂျင်တီးနားနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ခေါ်ယူနိုင်ခဲ့ကြောင်း သတင်းတင်လိုက် သည့် ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ကြောင်းဂိုးလ်ကွန်က ဖော်ပြခဲ့သည်။
ယင်းဖြစ်ရပ်မှာ သြဂုတ် ၂၈ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ ခရူဇီယိုအသင်း တာဝန်ရှိသူများသည် လက်သည် ဟက်ကာများနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေပြီဖြစ်သည်။
ဟက်ကာများသည် မက်ဆီအား ခေါ်ယူနိုင်ခဲ့ကြောင်း သတင်းတင်ခဲ့သည့်အပြင် အာဂျင်တီးနားသား၏ ပြောစကားကိုပါ လုပ်ကြံ၍ ဖန်တီးရေးသားခဲ့သည်။။
ခရူဇီယိုသို့ရောက်ရှိခဲ့၍ ပျော်ရွင်မိကြောင်း နည်းပြမိုရီရာ၏ အစီအစဉ်တွင် ပါဝင်ခွင့်ရ၍ ဂုဏ်ယူမိကြောင်း ပရိသတ်များနှင့် မကြာခင်ဆုံတွေ့မည်ဖြစ်ကာ မီနီရာအိုကွင်း၌ ကစားရန်အချိန်မစောင့်နိုင်တော့ကြောင်း မက်ဆီပြောကြားခဲ့ပုံစံ ရေးသားခဲ့ခြင်းဖြစ်သည်။
ဝက်ဘ်ဆိုက်အဟက်ခံရသော်လည်း ချက်ချင်းပင် ပြန်လည်ထိန်းနိုင်ခဲ့ကြောင်း ခရူဇီယိုက ကြေညာခဲ့သည်။ ခရူဇီယိုသည် ၂၀၁၉ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် ဒုတိယတန်းသို့ဆင်းခဲ့ ရသည့် ကလပ်ဖြစ်သည်။
အသင်းမှထွက်ခွာခွင့်တောင်းဆိုထားသော မက်ဆီသည် ဘာစီလိုနာအသင်းတာဝန်ရှိသူများ နှင့်တွေ့ဆုံရန်ပြင်ဆင်နေပြီဖြစ်သည်။















