ပြည်မြို့နယ်၊ရွှေကူရပ်ကွက်ရှိ ရွှေဆိုင်တစ်ဆိုင်အား ကော်သေနတ်၊ငရုပ်ကောင်းစပရေးဗူးတို့ကို အသုံးပြုလုယက်ရန်အားထုတ်ခဲ့ကြသူနှစ်ဦးကို ရဲတပ်ဖွဲ့က ချက်ချင်းဖမ်းဆီးရမိခဲ့ကြောင်း ဩဂုတ် ၃၀ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
ဩဂုတ် ၂၉ ရက်ညနေ ၅ နာရီ ၁၀ မိနစ်အချိန်ခန့်တွင် ပြည်မြို့နယ်၊ရွှေကူရပ်ကွက်၊ရွှေတစ်ချောင်းလမ်းနှင့် ပန်းဘဲတန်းလမ်းထောင့်၊မေသရဖူရွှေဆိုင်တွင်ပိုင်ရှင် ကိုအောင်နိုင်လင်းသည် တူဖြစ်သူ မောင်စွမ်းသက်စိုး၊ အသက်(၁၄)နှစ်ခန့်ရှိသမီးဖြစ်သူမမြမှူးခင်တို့နှင့်အတူရှိနေစဉ် ဆိုင်ရှေ့လမ်းမပေါ်တွင် မော်တော်ဆိုင်စီးဦးထုပ်ဆောင်းထားသည့် လူ (၂)ဦးရောက်ရှိလာပြီး ဆိုင်ကယ်ရပ်ပြီးနောက် တစ်ဦးကသေနတ်ကိုင်ဆောင်၍ ကျန်တစ်ဦးက စပရေးဆေးဗူးကိုကိုင်ဆောင်ကာ ရွှေဆိုင်အတွင်းသို့ဝင်ရောက်လာပြီး သေနတ်ကိုင်ထားသူက မလှုပ်နဲ့၊စကားမပြောနဲ့၊လှုပ်ရင်ပစ်သတ်မယ်ဟုဆိုသည်။
ထိုသို့ပြောဆိုသဖြင့် ဆိုင်ပိုင်ရှင် ကိုအောင်နိုင်လင်းက ထိုးကြိတ်ခုခံစဉ် စပရေးဗူး ကိုင်ဆောင်ထားသူက ကိုအောင်နိုင်လင်းအား ငရုပ်ကောင်းဖြန်းဆေးဖြင့် ပက်ဖြန်းခဲ့သည်။ထိုသို့ဆိုင်ထဲတွင်ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်ကိုအောင်နိုင်လင်း၏ယောက္ခမတော်စပ်သူ ဒေါ် အေးမြင့်(၇၀)နှစ်မှ လုပ်ကြပါဦးဟု အော်ဟစ်အကူညီ တောင်းသဖြင့် ရွှေကူရပ်ကွက်၊အုပ်ချုပ်ရေးမှူး ဦးအောင်လင်းမှ တစ်ဆင့်ပြည်အမှတ်(၁)နယ်မြေစခန်းမှုးထံသတင်းပေးခဲ့ပြီးနောက် အမှတ်(၁)နယ်မြေစခန်းမှုးနှင့်ပြည်သူများကဝိုင်း၀န်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ ဆိုင်အတွင်း သေနတ်ကိုင်ဆောင်ကာ ဝင်ရောက်လာသူသဲကုန်းကျေးရွာအုပ်စု၊ဆင်ပိုက်ရွာနေ ထက်ဇော် အောင်(၂၃)နှစ်ကို ခဲစေ့ထည့်ပစ်ရသော ဂစ်ဘူးငယ် တပ်ဆင်ထားသည့် Walther CP99 စာတမ်းပါကော်သေနတ်တစ်လက်ဖြင့်လည်းကောင်း၊ပြည့်ဖြိုးအောင်(၂၄)နှစ်ကို NATO တံဆိပ်ပါ အရပ်ခေါ် ငရုပ်ကောင်း စပရေးဗူးဖြင့် လည်းကောင်း အသီးသီး ဖမ်းဆီးရမိခဲ့သည်။၊ရွှေဆိုင်ပိုင်ရှင်ကိုအောင်နိုင်လင်းတွင် ကော်စေ့သေနတ်ဖြင့်အပစ်ခံရသဖြင့်ဦးခေါင်းနောက်စေ့ပေါက်ပြဲ၊ဝဲနားရွက်အောက်ပွန်းခြစ်၊ ဝဲပါးအောက်ပွန်းခြစ်ဒဏ်ရာများရရှိကာပြည်ဆေးရုံကြီးသို့တက်ရောက်ကုသခဲ့ရသည်။ပြစ်မှုကျူးလွန်သူ နှစ်ဦးကို ပြည်မြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်အရေးယူထားကြောင်းသိရသည်။

















