ပြင်ဦးလွင်မြို့တွင် သိန်း ၆၁၆၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်ပါဝင်သူ ၁၁ ဦးကိုဖော်ထုတ်ဖမ်းဆီး ခဲ့ကြောင်း သြဂုတ် ၃၀ ရက်နေ့တွင် မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။
သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ လားရှိုး-မန္တလေး သွား ကားလမ်းတွင် လားရှိုးဘက်မှ ပြင်ဦးလွင်ဘက်သို့ နမ္မတူမြို့နယ်၊ မိုင်းရယ်ကျေးရွာနေ စိုင်းရွှေလှ ၃၁ နှစ် မောင်းနှင် လာသည့် တွဲကားမော်တော်ယာဉ်ကို မူးယစ်ရဲတပ်ဖွဲ့နှင့်ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။
ထိုသို့ရှာဖွေစဉ် ယာဉ်ပေါ်တွင်သိုဝှက် သယ်ဆောင်လာသည့် ဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၈.၈ ကီလိုကျပ်သိန်း ၆၁၆၀ နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းခဲ့သည်။
ကွင်းဆက်ဖော်ထုတ်ချက်အရ ချမ်းအေးသာဇံမြို့နယ်၊ ဝါခင်းကုန်းရပ်ကွက်နေ ဇော်လင်းအောင် ၄၁ နှစ်ကို ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချော ကျေးရွာ၊ မန္တလေး-လားရှိုး သွားကားလမ်းတွင် မော်တော်ယာဉ် တစ် စီး၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် လည်းကောင်း၊ မွန်းလွဲ ၁နာရီခွဲ အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ ထုံးဘိုကျေးရွာလမ်းတွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ နေ ဇော်ဝင်း ၅၅ နှစ် ကို မော်တော်ယာဉ် တစ်စီး၊ လက်ကိုင်ဖုန်း တစ်လုံးနှင့်လည်းကောင်း၊ နေ့လည် ၃ နာရီခွဲ အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ တိုးကြီး ကုန်းကျေးရွာနေ မထွေးထွေးသန်း ၃၃ နှစ်ကို ပုသိမ်ကြီးမြို့နယ်၊ ထုံးဘိုလမ်းတွင် လက်ကိုင်ဖုန်း တစ်လုံးနှင့် လည်းကောင်း၊ မွန်းလွဲ ၃ နာရီ ၄၅မိနစ် အချိန်တွင် မန္တလေးမြို့၊ အောင်ပင်လယ်အဝိုင်းအနီးတွင် ချမ်းမြသာစည်မြို့နယ်၊ မဟာမြိုင် ရပ်ကွက်နေ ဒေါ်နန်းကြည်ကြည်ဝင်း ၄၇ နှစ်ကို လက်ကိုင်ဖုန်း တစ် လုံးနှင့် လည်းကောင်း၊ ညနေ ၄ နာရီ ၁၅ မိနစ် အချိန်တွင် မန္တလေးမြို့ရှိ ဟိုတယ်ဝင်းအတွင်း၌ တန့်ယန်းမြို့နယ်၊ နားငွေကျေးရွာနေ မနန်းဟွမ်ဦး ၃၅ နှစ်၊ သီပေါမြို့နယ်၊ ကုန်းမွန်ကျေးရွာနေသူများဖြစ်သည့် စိုင်းဌေးအောင် ၃၂ နှစ်နှင့် ဒေါ်နန်းငွေနု ၅၆ နှစ်တို့ကို လက်ကိုင်ဖုန်း ၃ လုံးနှင့်လည်းကောင်း၊ ည ၁၀ နာရီ အချိန်တွင် ပြင်ဦးလွင်မြို့၊ အနီးစခန်းနေ မနှင်းဟေမာန်ဝင်း ၃၂ နှစ်ကိုလက်ကိုင်ဖုန်း တစ် လုံးနှင့်လည်းကောင်း၊ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် ပြင်ဦးလွင်မြို့၊ အနီးစခန်းနေ ဒေါ်နိုင်ဇင်လေး(ခ) မချော ၄၀ နှစ်ကို လက်ကိုင်ဖုန်း တစ်လုံးနှင့်လည်းကောင်း၊ ညနေ ၄ နာရီ အချိန်တွင် ပုပ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာနေ မစန်းစန်းအေး ၃၀ နှစ်ကို လည်းကောင်း အသီးသီး ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့ကို ပြင်စာနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ကာ ဆက်လက်ပြီးကွင်းဆက် စစ်ဆေးဖော်ထုတ်လျက်ရှိသည်။

















