မန်ယူအသင်းသည် အေဂျက်မှ နယ်သာလန်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို အခြားအသင်းများထက် လက်ဦးမှ ုရယူ၍ ခေါ်ယူနိုင်ရန် နီးစပ်နေကြောင်း ESPN က ဖော်ပြခဲ့သည်။
အသက် ၂၃ နှစ်အရွယ် ဗန်ဒီဘိခ်သည်အေဂျက်အသင်း၏ ရာသီကြိုအစီအစဉ်တွင်ပါဝင်ခဲ့သော်လည်း ဖရန့်ဖတ်နှင့် ခြေစမ်းပွဲတွင် ကစားသမားစာရင်းမှ ချန်လှပ်ခြင်းခံထားရ၍အပြောင်းအရွှေ့ဈေးကွက်အတွင်း အသင်းပြောင်းရန်မှာ အလားအလာများနေသည်ဟု သိရသည်။ အေဂျက်ကစားသမားများဖြစ်သော ဒီလစ် ဒီဂျောင်နှင့် ဇီယက်ချ်တို့မှာ အသင်းပြောင်းရွေ့ခဲ့ပြီးနောက် ဗန်ဒီဘိခ်၏ အနာဂတ်မှာလည်း စောင့်ကြည့် ချင်စရာဖြစ်ခဲ့သည်။
ဗန်ဒီဘိခ်သည်၎င်း၏နိုင်ငံလက်ရွေးစင် အသင်းနည်းပြဟောင်းဖြစ်သူ ရော်နယ်ကိုးမန်းရှိရာ ဘာစီလိုနာနှင့် သတင်းထွက်နေသော်လည်း မန်ယူကသာ ခေါ်ယူရန် ရေပန်းစားနေခြင်းဖြစ်ကြောင်း ESPN ကဆိုသည်။
မန်ယူဂိုးသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိတွင် အေဂျက်အားကစားဒါရိုက်တာအဖြစ် တာဝန်ယူနေသော ဗန်ဒါဆာက ဗန်ဒီဘိခ်မှာ မန်ယူ၏ပစ်မှတ်ဟု ပြောဆိုထားသည်။
အေဂျက်နှင့်သက်တမ်းကျန်ရှိနေသော ဗန်ဒီဘိခ်သည် ၂၀၁၉ ခုနှစ်က ရီးရဲလ်မက်ဒရစ်သို့ ရောက်ရှိရန် နီးစပ်ခဲ့ဖူးသူဖြစ်သည်။















