မန်ယူအသင်းတာဝန်ရှိသူများသည် ခန့်မှန်းသတင်းများအတိုင်း အေဂျက်မှ နယ်သာလန်ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း ၄ဝ ဖြင့် ခေါ်ယူ ရန် သဘောတူညီမှုရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘီဘီစီက ဖော်ပြခဲ့သည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် အသက် (၂၃) နှစ်အရွယ် ဗန်ဒီဘိခ်၏ ခြေစွမ်း ကို သဘောကျနေသူဖြစ်ပြီး နယ်သာလန်သား၏ ခြေစွမ်းကိုကြိမ်ဖန်များစွာ လေ့လာခဲ့ သူဖြစ်သည်။ ဗန်ဒီဘိခ်သည် အေဂျက်မှ ထွက်ခွာမည်ဖြစ်၍ ဖရန့်ဖတ်နှင့်ကစားခဲ့သော ခြေစမ်းပွဲလူစာရင်းတွင်လည်း မပါ ဝင်ခဲ့ပေ။ စပါးအသင်းကလည်း ကွင်းလယ် ကစားအားကောင်းသော ဗန်ဒီဘိခ်ကို ခေါ်ယူ ရန်စိတ်ဝင်စားခဲ့သော်လည်း မန်ယူက လက်ဦး မှုရခဲ့ခြင်းဖြစ်သည်။
ဗန်ဒီဘိခ်သည် မကြာမီရက်ပိုင်းအတွင်း မန်ယူ၌ ဆေးစစ်မည်ဖြစ်ပြီး အပြီးသတ်စာချုပ် ချုပ်ဆိုမည်ဖြစ်ရာ ငါးနှစ်စာချုပ်ဖြစ်ကြောင်း သိရသည်။ အရပ် ၆ ပေအမြင့်ရှိ ဗန်ဒီဘိခ် သည် ၂ဝ၁၅ ခုနှစ်မှစတင်၍ အေဂျက်အသင်း နှင့် ပွဲထွက်ခဲ့သူဖြစ်ပြီး ၁၇၅ ပွဲကစားခဲ့ရာ ၄၁ ဂိုးသွင်းယူခဲ့သူဖြစ်သည်။ ၎င်းသည် ၂ဝ၁၉ ခုနှစ်က အေဂျက်အသင်း ချန်ပီယံလိဂ် ဆီမီးသို့တက်ရောက်ခဲ့ရာ အကောင်းဆုံးခြေ စွမ်းပြ ကစားခဲ့သူဖြစ်သည်။
ဗန်ဒီဘိခ်သည် ၂ဝ၁၉-၂ဝ ရာသီတွင် ၃၇ ပွဲကစားခဲ့ပြီး ၁ဝ ဂိုး သွင်းယူခဲ့သည်။ မန်ယူသည် စက်တင်ဘာ ၁၉ ရက်တွင် ပဲလေ့စ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ် (၁)ကစားရမည်ဖြစ်ရာ ဗန်ဒီဘိခ်ပါဝင်နိုင် မည်ဖြစ်ကြောင်း ဘီဘီစီကဆိုသည်။
မန်ယူသည် လီဗာပူး၏ ပစ်မှတ်ကစားသမား အယ်လ်ကန်တာရာကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း မက်ထရိုက ရေးသား ခဲ့သည်။ စပိန်ကွင်းလယ်လူ အယ်လ်ကန် တာရာသည် ဘိုင်ယန်နှင့် သက်တမ်းတိုးမည် မဟုတ်ဘဲ အသင်းပြောင်းမည်ဖြစ်ရာ လီဗာ ပူးနှင့် သတင်းထွက်နေခြင်းဖြစ်သည်။ မန်ယူသည် နည်းပြမိုရက်စ်လက်ထက် ၂ဝ၁၃ ခုနှစ်က အယ်လ်ကန်တာရာကိုခေါ်ရန် နီးစပ် ခဲ့ဖူးသည်။
မကြာမီ ရက်ပိုင်းအတွင်း အယ်လ်ကန် တာရာအတွက် ကမ်းလှမ်းမှုကို မျှော်လင့် ထားကြောင်း ဘိုင်ယန်မြူးနစ်စီအီးအို ရူမင် နစ်ဂီက အသိပေးထားသည်။















