အိန္ဒိယ၌ COVID-19 ကူးစက်သူ ၃ ဒသမ ၆ သန်းကျော်ရှိနေ

အိန္ဒိယ၌ COVID-19 ကူးစက်သူ ၃ ဒသမ ၆ သန်းကျော်ရှိနေ

အိန္ဒိယနိုင်ငံ၌ သြဂုတ် ၃၁ ရက်တွင် COVID-19 ကူးစက်သူသစ် ၇၈၅၁၂ ဦးရှိခဲ့သောကြောင့် ကူးစက်သူဦးရေသည် ၃ ဒသမ ၆ သန်းကျော်ရှိနေပြီဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အိန္ဒိယ၌ သြဂုတ် ၃၀ ရက်တွင် COVID-19 ကူးစက်သူသစ် ၇၈၇၆၁ ဦးရှိခဲ့သောကြောင့် အမေရိကန်ပြည်ထောင်စုက သြဂုတ် ၁၆ ရက်တွင် ကူးစက်သူသစ် ၇၇၂၉၉ ဖြင့် တင်ထားသည့် တစ်ရက်အတွင်း ကူးစက်သူအများဆုံးစံချိန်ကို ချိုးနိုင်ခဲ့ကြောင်း ရိုက်တာသတင်းဌာန၏စာရင်းအင်းများအရသိရသည်။

ကမ္ဘာပေါ်တွင် ဒုတိယလူဦးရေအများဆုံးရှိနေသည့် အိန္ဒိယ၌ သြဂုတ် ၇ ရက်ကတည်းက နေ့စဉ်နေ့တိုင်း တစ်ရက်အတွင်း ကူးစက်သူအများဆုံးရှိနေခဲ့သည်။ အိန္ဒိယသည် အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးပြီးနောက် ကူးစက်သူ တတိယအများဆုံးရှိနေသည့်နိုင်ငံ ဖြစ်သည်။ ကူးစက်သူ ၃ ဒသမ ၆၂ သန်းရှိနေပြီဖြစ်သောကြောင့် အိန္ဒိယသည် အဆိုပါနှစ်နိုင်ငံရှိ ကူးစက်သူဦးရေနှင့် အလားတူဖြစ်ရန် နီးစပ်လာခဲ့ပြီဖြစ်သည်။

အိန္ဒိယ၌ သြဂုတ် ၃၁ ရက်တွင် COVID-19 ဖြင့် သေဆုံးသူသစ် ၉၇၁ ဦးရှိခဲ့သောကြောင့် သေဆုံးသူ ၆၄၄၆၉ ဦးရှိနေပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ရီလွင် ဘာသာပြန်သည်။