အငြင်းပွားနယ်စပ်၌ စစ်ရေးအရ တရုတ်လှုပ်ရှားမှုများရှိနေကြောင်း အိန္ဒိယစွပ်စွဲ

အငြင်းပွားနယ်စပ်၌ စစ်ရေးအရ တရုတ်လှုပ်ရှားမှုများရှိနေကြောင်း အိန္ဒိယစွပ်စွဲ

တရုတ်နှင့် အိန္ဒိယတို့ကြား ပိုင်ဆိုင်မှုအငြင်းပွားနေသည့် လာဒက်ဒေသ၌ လွန်ခဲ့သောရုံးပိတ်ရက်များအတွင်း တရုတ်စစ်တပ်က စစ်ရေးအရလှုပ်ရှားမှုများရှိခဲ့ကြောင်း အိန္ဒိယက သြဂုတ် ၃၁ ရက်တွင် စွပ်စွဲပြောဆိုခဲ့သည်။

အရှေ့လာဒက်ဒေသ၌ သြဂုတ် ၂၉ ရက် အနှောင်းပိုင်းတွင် တရုတ်စစ်တပ်၏လှုပ်ရှားမှုများရှိခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၉ နှင့် ၃၀ ရက်တို့တွင် တရုတ်ပြည်သူ့တပ်မတော်မှ စစ်သည်များသည် အရှေ့လာဒက်၌ ဖြစ်ပျက်နေဆဲ ထိပ်တိုက်ဆုံမှုအရှိန်မမြင့်ရေးအတွက် စစ်ရေးနှင့် သံတမန်ရေးအရ သဘောတူညီမှုများကို ချိုးဖောက်ခဲ့ပြီး တည်ဆဲအခြေအနေပြောင်းလဲရန် စစ်ရေးအရ လှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်း အိန္ဒိယစစ်တပ်က ပြောဆိုခဲ့သည်။

နှစ်ဖက်စလုံးသည် သြဂုတ် ၃၁ ရက်တွင် စစ်ရေးအရ ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း အိန္ဒိယစစ်တပ်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ဇွန် ၁၅ ရက်တွင် နှစ်ဖက်တပ်များကြား သေနတ်မပါဝင်သည့် ထိပ်တိုက်ဆုံမှုဖြစ်ပွားခဲ့ပြီး အိန္ဒိယစစ်သည် ၂၀ ကျဆုံးခဲ့သည်။ တရုတ်စစ်တပ်ကလည်း ကျဆုံးစစ်သည်များရှိခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း ဦးရေမည်မျှရှိသည်ကို ထုတ်ပြန်ခြင်းမပြုခဲ့ချေ။

ရီလွင် ဘာသာပြန်သည်။