ဂျပန်နှင့် အမေရိကန်တို့ကြား ဆက်ဆံရေးကို ဆက်လက်တိုးမြှင့်ရန်သာရှိနေကြောင်း ရာထူးမှနုတ်ထွက်ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အား ပြောဆိုခဲ့သည်ဟု ဂျပန်ဝန်ကြီးအဖွဲ့ ဒုတိယအတွင်းဝန်ချုပ် အကီဟီရို နီရှီမူရာက ပြောဆိုခဲ့သည်။
အစာခြေလမ်းကြောင်း အနာပေါက်သည့် ရောဂါကြောင့် ရာထူးမှနုတ်ထွက်ပြီဖြစ်ကြောင်း အာဘေးက သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။ အာဘေးနှင့် ထရမ့်တို့ သြဂုတ် ၃၁ ရက်တွင် တယ်လီဖုန်းဆက်သွယ်ပြောဆိုမှုပြီးဆုံးပြီးနောက် နီရှီမူရာက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ အာဘေးသည် ဂျပန်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးဝန်ကြီးချုပ်ဖြစ်ကြောင်း ထရမ့်ကပြောဆိုခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
ဂျပန်သည် ဒုံးကျည်ကာကွယ်ရေးမဟာဗျူဟာသစ်ကို ရေးဆွဲနေသောကြောင့် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း အာဘေးက ထရမ့်ကို ပြောဆိုခဲ့သည်။
ဂျပန်ရှိ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ(LDP) သည် ဝန်ကြီးချုပ်အာဘေးနေရာကို ဆက်ခံမည့်သူကို စက်တင်ဘာ ၁၄ ရက်တွင် မဲခွဲရွေးချယ်မည်ဖြစ်ကြောင်း Jiji သတင်းဌာနက သြဂုတ် ၃၁ ရက်တွင် ဖော်ပြခဲ့သည်။
LDP သည် အောက်လွှတ်တော်တွင်း အမတ်နေရာအများစုကိုရရှိထားသောကြောင့် LDP ခေါင်းဆောင်အဖြစ် ရွေးချယ်ခံရသူသည် ဝန်ကြီးချုပ်ဖြစ်ရန် သေချာနေသည်။

















