ချက်သမ္မတနိုင်ငံ အထက်လွှတ်တော်နာယက မီလော့စ် ဗစ်စတာချေးသည် ထိုင်ဝမ်သို့ သွားရောက်ခဲ့သည့်အတွက် ကြီးကြီးမားမားပေးဆပ်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်ဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သည့် ဝမ်ယိက သြဂုတ် ၃၁ ရက်တွင် သတိပေးပြောဆိုခဲ့သည်။
ဗစ်စတာချေးသည် ထိုင်ဝမ်မြို့တော် တိုင်ပေသို့ သြဂုတ် ၃၀ ရက်တွင် ရောက်ရှိခဲ့သည်။ ထိုင်ဝမ်နှင့် စီးပွားရေးအရ ပတ်သက်မှုကို ပိုမိုတိုးမြှင့်ရန် လာရောက်ခြင်းဖြစ်ပြီး တရုတ်၏ဖိအားများကို မမှုကြောင်း ဗစ်စတာချေးကပြောဆိုခဲ့သည်။
လက်တုံ့ပြန်မှုများရှိလာမည်ဖြစ်ကြောင်း ဝမ်ယိက ဂျာမနီနိုင်ငံခရီးစဉ်အတွင်းပြောဆိုခဲ့သည်။ဗစ်စတာချေး၏ အမျော်အမြင်မရှိသည့် အပြုအမူနှင့် နိုင်ငံရေးအရ အခွင့်အရေးရှာမှုတို့အတွက် တန်ဖိုးကြီးကြီးမားပေးဆပ်ရမည်ဖြစ်ပြီး ယင်းအတွက် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများက လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း ဝမ်ယိကပြောဆိုခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စိန်ခေါ်ခြင်းသည် ၁ ဒသမ ၄ ဘီလီယံရှိသော တရုတ်ပြည်သူများ၏ရန်သူအဖြစ် မိမိကိုယ်မိမိသတ်မှတ်ခြင်းသာဖြစ်ပြီး ဗစ်စတာချေး၏ ပြောင်ပြောင်တင်းတင်းလှုံ့ဆော်မှုနှင့် ၎င်း၏နောက်ကွယ်ရှိ တရုတ်ဆန့်ကျင်ရေးအင်အားစုများကို တရုတ်အစိုးရနှင့် ပြည်သူများက သည်းခံမည်မဟုတ်ကြောင်း ဝမ်ကပြောဆိုခဲ့သည်။
တရုတ်အစိုးရက မည်ကဲ့သို့ တုံ့ပြန်မည်နှင့်ပတ်သက်၍ ဝမ်က ထုတ်ပြန်ပြောဆိုခြင်းမပြုခဲ့ချေ။ တရုတ်တစ်နိုင်ငံတည်းမူဝါဒအရ တရုတ်နှင့် ထိုင်ဝမ်တို့သည် တရုတ်တစ်နိုင်ငံတည်းအဖြစ် သတ်မှတ်ခံရပြီး နိုင်ငံအားလုံးအနေဖြင့် ထိုင်ဝမ်နှင့် သံတမန်ရေးအရ အဆက်အသွယ်ဖြတ်ရန် တရုတ်အစိုးရက လိုလားနေသည်။
တရုတ်သည် ထိုင်ဝမ်အား တစ်ချိန်ချိန်တွင် ပြည်မကြီးနှင့် ပြန်လည်ပေါင်းစည်းမည့် နယ်မြေတစ်ခုအဖြစ်သတ်မှတ်ထားပြီး လိုအပ်ပါကလည်း စစ်ရေးအရ ကျူးကျော်သိမ်းပိုက်ရန် ဝန်မလေးကြောင်း ပြောဆိုထားပြီးဖြစ်သည်။
ဝမ်၏ပြောဆိုမှုသည် ချက်သမ္မတနိုင်ငံ၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ခြင်းသာဖြစ်ကြောင်း ဗစ်စတာချေးက ထုတ်ပြန်ပြောဆိုခဲ့သည်။

















