ရာသီသစ်စပိန်လာလီဂါပြိုင်ပွဲကို လာမည့် စက်တင် ဘာ ၁၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ရာ လက်ရှိချန်ပီယံ ရီးရဲလ်မက်ဒရစ်မှာ ဂီတာဖေးအား လက်ခံကစားရမည်ဖြစ် ကာ ဘာစီလိုနာမှာ တန်းတက် အယ်လ်ချီနှင့် တွေ့ဆုံနေ ကြောင်း စပိန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့သည်။
အက်သလက်တီကိုမှာ ပွဲစဉ်(၁)တွင် ဆီဗီလာနှင့် ကစားရမည်ဖြစ်ရာ အဆိုပါပွဲအပါအဝင် ရီးရဲလ်မက်ဒရစ် နှင့် ဘာစီလိုနာတို့၏ပွဲများမှာ ရာသီသိမ်းနောက်ကျခြင်း ဥရောပပြိုင်ပွဲများ ကစားခဲ့ရမှုကြောင့် ရွှေ့ဆိုင်းထားပြီး ကျန်ခုနစ်ပွဲဖြင့် စတင်သက်ဝင်မည်ဖြစ်သည်။
ပွဲစဉ် (၁)တွင် အလာဗက်စ်--ဘက်တစ်၊ အီဘာ-ဆယ်တာဗီဂို၊ ကာဒစ်ဇ်-အိုဆာဆူနာ၊ ဂရန်နာဒါ-ဘီလ်ဘာအို၊ ဗလင်စီ ယာ-လီဗန်တေး၊ ဗယ်လာဒိုးလစ်-ဆိုစီဒက်နှင့် ဗီလာရီးရဲလ်- ဟူစကာတို့ အသီးသီးကစားမည်ဖြစ်သည်။ ရာသီသစ် ပထမဆုံးအယ်လ်ကလာစီကိုပွဲမှာ လာမည့်အောက်တိုဘာ ၂၅ ရက်တွင် နျူကမ့်၌လည်းကောင်း၊ ၂ဝ၂၁ ခုနှစ် ဧပြီ ၁၁ ရက်တွင် မက်ဒရစ်၌လည်းကောင်း ကစားမည်ဖြစ် ကြောင်း သိရသည်။
ကိုဗစ်သက်ရောက်မှုကြောင့် ၂ဝ၂ဝ-၂၁ ရာသီမှာ ယခင်ဘောလုံးရာသီနှင့် မတူညီဘဲ ခရစ္စမတ်နှင့် နှစ်သစ်ကူး ရက်များ၌ နားမည်မဟုတ်ဘဲ ဒီဇင်ဘာ ၂၂ -၂၃၊ ဒီဇင် ဘာ ၂၉ -၃ဝ ရက်တွင် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ရီးရဲလ် မက်ဒရစ်သည် စက်တင်ဘာ ၂ဝ ရက်တွင် ပွဲစဉ် (၂) အဖြစ် ဆိုစီဒက်ကွင်း၌ ကစားမည်ဖြစ်ပြီး ဘာစီလိုနာမှာ ယင်းနေ့၌ပင် ဘီလ်ဘာအိုကွင်းသို့ သွားရောက်ကစား ရမည်ဖြစ်သည်။















