ဆန္ဒပြမှုဖြင့် ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ဆန္ဒပြမှုဖြင့် ကျောင်းသားသမဂ္ဂခေါင်းဆောင်တစ်ဦးကို ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ၌ ဇူလိုင်တွင် ပြုလုပ်ခဲ့သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများကို စီစဉ်ရာတွင် ပါဝင်ခဲ့သည့် နိုင်ငံရေးလှုပ်ရှားသူများအပေါ် ဆက်လက်နှိမ်နင်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ရဲတပ်ဖွဲ့သည် ကျောင်းသားသမဂ္ဂခေါင်းဆောင် ဂျူတာတစ် ဆီရီခန်းအား စက်တင်ဘာ ၁ ရက်တွင် ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

အသက် ၂၁ နှစ်အရွယ် ဂျူတာတစ် ဆီရိခန်းသည် ဘန်ကောက်ရှိ တက္ကသိုလ်တစ်ခုသို့ တက္ကစီတစ်စီးဖြင့်သွားလာနေစဉ်တွင် အရပ်ဝတ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဂျူတာတစ်က ရိုက်ကူးခဲ့ပြီး ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့သည့် ဗီဒီယိုဖိ်ုင် တစ်ခုအရသိရသည်။

ရဲတပ်ဖွဲ့က ၎င်းသည် ဘန်ကောက်မြို့ရဲတပ်ဖွဲ့မှဖြစ်ကြောင်း ပြောဆိုပြီး ဖမ်းဆီးမိန့်ကို ပြသခဲ့သည်။ ဇူလိုင် ၁၈ ရက် ဆန္ဒပြမှုအတွက် ထုတ်ထားသည့် ဖမ်းဆီးမိန့်ကို လိုက်နာသည့်အနေဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဘန်ကောက်ရှိ ဆမ်ရန်ရတ်ရဲတပ်ဖွဲ့စခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောဆိုခဲ့သည်။

ဂျူတာတစ်သည် ပြည်တွင်းလုံခြုံရေးချိုးဖောက်မှုနှင့် COVID-19 တိုက်ဖျက်ရေး လူစုလူဝေးမပြုရဟု ပိတ်ပင်ချက်များကို ချိုးဖောက်မှုဖြင့် အမှုဖွင့်ခံရမည်ဖြစ်သည်။ ထိုင်းနိုင်ငံတစ်ဝန်းရှိ ကျောင်းသားများသည် ဇူလိုင် ၁၈ ရက်မှစ၍ ဆန္ဒပြမှုများကို ပြုလုပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲပေးပြီး ထိုင်းအစိုးရနုတ်ထွက်ပေးရန် တောင်းဆိုမှုများပြုလုပ်နေသည်။

ရီလွင် ဘာသာပြန်သည်။