ဂျပန်ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ဆူဂါအား အာဏာရပါတီဝင်အများစုထောက်ခံနေ

ဂျပန်ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ဆူဂါအား အာဏာရပါတီဝင်အများစုထောက်ခံနေ

ဂျပန်နိုင်ငံကို ဦးဆောင်မည့် နောက်ထပ်ခေါင်းဆောင်သစ်နေရာအတွက် အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ ယိုရှီဟီဒဲ ဆူဂါသည် အာဏာရပါတီတွင်း လူအများစု၏ထောက်ခံမှုကို ရရှိထားကြောင်း နိုင်ငံပိုင် NHK သတင်းဌာနက စက်တင်ဘာ ၁ ရက်တွင် ဖော်ပြခဲ့သည်။ 

ဂျပန်ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ်ဖြစ်သလို ဝန်ကြီးချုပ်ရှင်ဇိုအာဘေး ၏ ကာလရှည် မဟာမိတ်တစ်ဦးလည်းဖြစ်သည့် ဆူဂါသည် ရှင်ဇိုအာဘေး၏ စီးပွား ရေးပြန်လည်ဦးမော့လာရေးဦးတည်ချက်မဟာဗျူဟာများနှင့် COVID-19 ကပ်ရောဂါ ဆိုင်ရာ အစီအမံများအတိုင်း ဆက်လက်ဆောင်ရွက်နိုင်မည့်သူဖြစ်ကြောင်း မျှော်လင့်ချက်ခံထားရသည်။

ဆူဂါသည် လစ်ဘရယ်ဒီမိုကရစ်ပါတီ၏ ခေါင်းဆောင် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် တရားဝင် မကြေညာသေးသော်လည်း ယင်းအတွက် ရည်မှန်းချက်တော့ရှိနေကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြသည်။  ဆူဂါသည် အာဏာရပါတီခေါင်းဆောင် ရွေးကောက်ပွဲတွင် ပါဝင်မည်မပါဝင်မည်ကို စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ဖွယ်ရှိနေကြောင်း မီဒီယာများကဖော်ပြခဲ့သည်။

အောင်စိုးသူ ဘာသာပြန်သည်။