မနီလာမြို့နှင့် ဝန်းကျင်၌ ကူးသန်းသွားလာမှုဆိုင်ရာ အပိုင်းလိုက် ကန့်သတ်ချက်များချမှတ်

မနီလာမြို့နှင့် ဝန်းကျင်၌ ကူးသန်းသွားလာမှုဆိုင်ရာ အပိုင်းလိုက် ကန့်သတ်ချက်များချမှတ်

COVID-19 ကူးစက်မှု မြင့်တက်လာနေမှုကို တားဆီးရန်အတွက် မနီလာမြို့နှင့် အနီးဝန်းကျင်၌ စက်တင်ဘာ ၁ ရက်မှစ၍ တစ်လကြာ ကူးသန်းသွားလာမှု အပိုင်းလိုက် ကန့်သတ်မှုများကို ချမှတ်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက သြဂုတ် ၃၁ ရက်တွင် ပြောဆိုခဲ့သည်။

ထို့ပြင် ဆေးရုံများ၏ လူနာလက်ခံနိုင်စွမ်းကိုလည်း တိုးချဲ့သွားမည်ဖြစ်ကြောင်း ရိုဒရီဂိုဒူတာတေးက ပြောဆိုခဲ့သည်။ သြဂုတ် ၃၁ ရက်တွင် ဖိလစ်ပိုင်၌ COVID-19 ကူးစက်သူသစ် ၃၄၄၆ ဦးနှင့် သေဆုံးသူသစ် ၃၈ ဦး ရှိခဲ့ပြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ဒူတာတေးသည် နောက်ထပ်တင်းကျပ်မှုများနှင့်ပတ်သက်၍ ရုပ်သံမှတစ်ဆင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဖိလစ်ပိုင်၌ COVID-19 ကူးစက်သူ ၂၂၀၈၁၉ ဦးနှင့်  သေဆုံးသူ ၃၅၅၈ ဦး ရှိနေသည်။

COVID-19 နေ့စဉ်ကူးစက်မှု ဆက်လက်မြင့်မားနေဦးမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကို ဒုခ်က ပြောဆိုခဲ့သည်။ အရှေ့တောင်အာရှတွင် အမြင့်မားဆုံးဖြစ်နေသော ကူးစက်မှုနှုန်းကို လျှော့ချရန်အတွက် COVID-19 တိုက်ဖျက်ရေးဆိုင်ရာ တင်းကျပ်သည့် အစီအမံများကို ချမှတ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ဒုခ်က ပြောဆိုခဲ့သည်။ ကူးစက်မှုနှုန်း နှစ်ဆဖြစ်လာရန်အတွက် ယခင်က ခုနစ်ရက်သာ ကြာမြင့်ခဲ့သော်လည်း ယခုတွင် ၁၂ ရက်မှ ၁၃ ရက်အထိ ကြာမြင့်နေကြောင်း ဝန်ကြီးက ဆိုသည်။

အစိုးရသည် ဆေးရုံများတွင် လူနာအရေအတွက် ပိုမိုထားရှိနိုင်ရန် ကြိုးပမ်းနေပြီး ကူးစက်မှုအများဆုံးဖြစ်နေသော မနီလာမြို့နှင့် အနီးအနားရှိ စီရင်စုများ၌ နောက်ထပ် ခုတင် ၁၀၀၀ ခန့် ဖြည့်တင်းသွားမည်ဖြစ်ကြောင်း COVID-19 အမျိုးသားအဆင့်တိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲ စစ်ဦးစီးချုပ်ဟောင်း ကာလီတိုဂယ်လ်ဗက်ဇ်က ပြောဆိုခဲ့သည်။

စီးပွားရေး လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရေးအတွက် မနီလာမြို့တွင် ချ မှတ်ထားသော ကူးသန်းသွားလာမှုဆိုင်ရာ ကန့်သတ်ချက်များကို သြဂုတ် ၁၉ တွင် ရုပ်သိမ်းခဲ့သည်။ ဒုတိယ သုံးလပတ်အတွင်း စံချိန်တင် စီးပွားရေးကျဆင်းမှုနှင့်အတူ ဖိလစ်ပိုင်သည် ၂၉ နှစ်အတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှုနှင့် ရင်ဆိုင်နေရသည်။