COVID-19 ကူးစက်မှုအကျိုးဆက် စီးပွားရေးထိခိုက်ပြီး မိသားစုများစွာ ဆင်းရဲမွဲတေခဲ့မှုကြောင့် အာရှတစ်ဝန်းရှိ အရွယ်မရောက်သေးသည့် မိန်းကလေး ထောင်ပေါင်းများစွာသည် အိမ်ထောင်ချထားခံနေရကြောင်း အမျိုးသမီးများအရေးလှုပ်ရှားသည့် အဖွဲ့အစည်းများကပြောဆိုခဲ့သည်။
အင်ဒိုနီးရှားကျွန်းဆွယ်မှ အိန္ဒိယ၊ ပါကစ္စတန်နှင့် ဗီယက်နမ်တို့အထိ ရှေးရိုးစွဲအသိုက်အဝိုင်းများတွင် အရွယ်မရောက်သေးသူများကို လက်ထပ်ပေးသည့် အစဉ်အလာရှိခဲ့သော်လည်း ပရဟိတအဖွဲ့များ ပိုမိုများပြားလာပြီး ပညာပေးမှု၊ အမျိုးသမီးကျန်းမာရေးဝန်ဆောင်မှုများ လုပ်ဆောင်နိုင်ခဲ့သောကြောင့် ယင်းကဲ့သို့ လက်ထပ်ပေးမှုများ ကျဆင်းလာခဲ့သည်။
သို့သော် ကူးစက်ရောဂါကြောင့် လူများစွာ အလုပ်အကိုင်မဲ့ဖြစ်ပြီး မိဘများသည် မိသားစုကို ကျွေးမွေးရန် အခက်အခဲရှိလာပြီးနောက် အရွယ်မရောက်သေးသည့် မိန်းကလေးများကို လက်ထပ်ပေးမှုများ ပြန်ရှိလာခဲ့သည်။
အရွယ်မရောက်သေးသူများကို အိမ်ထောင်ချပေးခြင်းသည် ကျားမလိင်ခွဲခြားမှု၊ အမျိုးသားများကြီးစိုးသည့် လူ့အဖွဲ့အစည်းများတွင် မြစ်ဖျားခံပြီး COVID-19 ကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာခဲ့ကြောင်း Girls Not Brides အဖွဲ့မှ ရှီပရာ ဂျားကပြောဆိုခဲ့သည်။
တည်ငြိမ်သော အချိန်ကာလများတွင် ဆင်းရဲမွဲတေမှု၊ ပညာမတတ်မြောက်မှုနှင့် မလုံခြုံမှုများကြောင့် အရွယ်မရောက်သေးသော မိန်းကလေးများကို အိမ်ထောင်ချမှုများရှိခဲ့ပြီး ကူးစက်ရောဂါကြောင့် အခြေအနေပိုမိုဆိုးရွားလာခဲ့ကြောင်း ရှီပရာကပြောဆိုခဲ့သည်။ ကမ္ဘာတစ်ဝန်း မိန်းကလေး ၁၂ သန်းသည် အသက် ၁၈ နှစ်မပြည့်မီတွင် အိမ်ထောင်ပြုနေရကြောင်း ကုလသမဂ္ဂကပြောဆိုခဲ့သည်။
ကူးစက်ရောဂါအကျိုးဆက် စီးပွားရေးနှင့် လူမှုရေးပြဿနာများကို ကိုင်တွယ်နိုင်ခြင်းမရှိပါက လာမည့်ဆယ်စုနှစ်တွင် ကလေး ၁၃ သန်းသည် အိမ်ထောင်ချခံရမည်ဖြစ်ကြောင်း ကုလသမဂ္ဂက သတိပေးပြောဆိုခဲ့သည်။

















