မြိတ်မြို့ရှိ ရွှေဆိုင်များတွင်ရွှေထည်ပစ္စည်း အတုများ လိုက်လံပေါင်နှံခဲ့သူများကို ဖမ်းဆီးအရေးယူထားကြောင်း စက်တင်ဘာ ၂ ရက်နေ့တွင် ရဲတပ်ဖွဲ့ မှ သိရသည်။
ဩဂုတ် ၃၀ ရက်နေ့က မြိတ်မြို့ တောင်နယ်မြေ၊ အောင်ဆန်းလမ်းမကြီးတွင် ဖွင့်ထားသည့် "ရွှေဒီပါ"ရတနာရွှေဆိုင်တွင် အမျိုးသား ၂ ဦးက ရွှေလက်ကောက် ၃ ကွင်း(၄ ကျပ်ခွဲသားခန့်)ကို ၃၈ သိန်းဖြင့်လာရောက်ပေါင်နှံခဲ့သဖြင့်အဆိုပါလက်ကောက်ကို အရည်ဖျော်(အထည်ဖျက်)ရန် ညှပ်ဖြတ်ရာ လက်ကောက် အတွင်းဘက်၌ ရွှေမဟုတ်ပဲ အဖြူရောင်ဖြစ်နေကြောင်းစစ်ဆေးတွေ့ရှိခဲ့သောကြောင့်ရွှေဆိုင်ပိုင်ရှင်က ရွှေအတုများလာရောက်ပေါင်နှံသူ ၂ ဦးကို CCTV မှတ်တမ်းဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
အလားတူထိုနေ့မှာပင် မြိတ်မြို့ ၊ မြို့သစ်စျေးရှိ "ဟန်နီအောင် "ရွှေဆိုင်တွင် အမျိုးသား ၃ ဦးက အလေးချိန်(၂ ကျပ်၊ ၇ ပဲ)ခန့်ရှိတဲ့ လက်ကောက်ကို ၂၅ သိန်းဖြင့် လာရောက်ပေါင်နှံမှုဖြစ်ပွားကြောင်း သတင်းပေးတိုင်တန်းချက်အရ ရဲတပ်ဖွဲ့ကရွှေထည်ပစ္စည်း အတုများ လိုက်လံပေါင်နှံခဲ့သူများကို ဩဂုတ် ၃၁ ရက်နေ့ကဖမ်းဆီးခဲ့သည်။
ရွှေထည်ပစ္စည်း အတုများ လိုက်လံပေါင်နှံခဲ့သူများမှာ ရန်ကုန်တိုင်း၊သင်္ကန်းကျွန်းမြို့နယ်နေအောင်ဌေး (၄၇ )နှစ်၊ ချိုလင်း (၃၈) နှစ်၊ကျော်စွာ (၂၅)နှစ် ၊အောင်ဌေး (၄၇)နှစ် ၊ အောင်မြတ်သူ (ခ)နိုင်လင်းဦး(၃၀)နှစ် ၊နှင့် အောင်ကိုလတ်( ၃၀)နှစ်တို့ဖြစ်ပြီး ၎င်းတို့(၅)ဦးကို မြိတ်မြို့မရဲစခန်းတွင်ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၆၈/ ၁၁၄ ဖြင့်အမှုဖွင့် အရေးယူထားသည်။

















