ဂျက်ကီ ချန်း ပိုင်ဆိုင်ခဲ့ပြီး သိမ်းယူခံခဲ့ရသော တိုက်ခန်းနှစ်ခန်းကို လေလံတင်မည်

ဂျက်ကီ ချန်း ပိုင်ဆိုင်ခဲ့ပြီး သိမ်းယူခံခဲ့ရသော တိုက်ခန်းနှစ်ခန်းကို လေလံတင်မည်

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ဂျက်ကီ ချန်းပိုင်ဆိုင်ပြီး ပိုင်ဆိုင်မှုအငြင်းပွားမှုကြောင့် သိမ်းယူခံခဲ့ရသည့် ဇိမ်ခံတိုက်ခန်းနှစ်ခန်းကို ကြမ်းခင်းဈေး ဒေါ်လာ ၁၀ သန်းခန့်ဖြင့် လေလံတင်ရောင်းချမည်ဖြစ်ကြောင်း တရားရုံးမှတ်တမ်းများအရသိရသည်။

တိုက်ခန်းနှစ်ခန်းသည် ပေကျင်း၌ တည်ရှိသည်။ ချန်း၊ ဇနီး ဂျုံးလင်းနှင့် သား ဂျေစီချန်းတို့သည် အဆိုပါ တိုက်ခန်းများတွင် ၂၀၀၇ ခုနှစ်ကတည်းက နေထိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အိမ်ခြံမြေကုမ္ပဏီနှစ်ခုကြား တရားရေးအရှုပ်အရှင်းကြောင့် တိုက်ခန်းများ သိမ်းယူခံရပြီး ရောင်းချမည်ဖြစ်ကြောင်း လေလံတင်ခံခဲ့ရသည်။ တိုက်ခန်းများကို သိမ်းယူရောင်းချခြင်းမပြုရန် ဂျက်ကီချန်းက အယူခံဝင်ထားသည်။

အကျယ် ၁၂၀၀ စတုရန်းမီတာရှိသည့် တိုက်ခန်းနှစ်ခန်းကို ဝယ်ယူရန် ၂၀၀၆ ခုနှစ်တွင် ချန်းသည် Yujia အိမ်ခြံမြေကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ဇူလိုင်တွင် ထုတ်ပြန်ခဲ့သည့် တရားရုံးမှတ်တမ်းများအရသိရသည်။

ချန်းသည် ပေကျင်းမြို့လယ်ရှိ ဈေးကောင်းသော နေရာတစ်ခုအတွက် ကြော်ငြာပေးခဲ့သည့်အတွက် ယွမ် ၂၀ ဒသမ ၆ သန်း လျှော့ဈေးရကာ ယွမ် ၁၃ သန်း( ဒေါ်လာ ၁ ဒသမ ၉ သန်း) ဖြင့် တိုက်ခန်းများကို ဝယ်ယူနိုင်ခဲ့သည်။

သို့သော် Yujia က ကုမ္ပဏီအမည်ကိုပြောင်းလဲခြင်း၊ အခွန်ကိစ္စများကြောင့် ချန်းထံသို့ ပိုင်ဆိုင်မှုလွှဲပြောင်းရန် နောက်ကျခဲ့ရာမှ ပြဿနာများရှိလာခဲ့သည်။ အခြားအိမ်ခြံမြေကုမ္ပဏီဖြစ်သည့် Tenhong က Yujia အား ကြွေးမြီများပြန်ဆပ်ရန် တရားစွဲဆိုရာမှ  တိုက်ခန်းနှစ်ခန်းသည် ၂၀၁၇ ခုနှစ်တွင် သိမ်းယူခံခဲ့ရသည်။

၂၀၁၄ ခုနှစ်တွင် ဂျေစီ ချန်းသည် တိုက်ခန်းများ၌ အခြားလူများကို မူးယစ်ဆေးဝါးသုံးစွဲခွင့်ပေးပြီး ဆေးခြောက် ၁၀၀ ဂရမ်ပိုင်ဆိုင်မှုဖြင့် အဖမ်းခံခဲ့ရပြီး တရားစွဲဆိုမှုအရ ထောင်ဒဏ်ခြောက်လကျခံခဲ့ရသည်။

အောင်စိုးသူ ဘာသာပြန်သည်။