COVID-19 ကူးစက်မှုလုံးဝမရှိတော့သည့် ဝူဟန်မြို့၌ စာသင်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်

COVID-19 ကူးစက်မှုလုံးဝမရှိတော့သည့် ဝူဟန်မြို့၌ စာသင်ကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်

၂၀၁၉ ခုနှစ် အကုန်ပိုင်းတွင် COVID-19 စတင်ပျံ့နှံ့ခဲ့သည့် တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့၌ ခုနစ်လကြာ ပိတ်ထားခဲ့သော အခြေခံပညာကျောင်းများနှင့် မူကြိုကျောင်း များကို စက်တင်ဘာ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

မေလတွင် အထက်တန်းကျောင်းများ ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ဝူဟန်မြို့ရှိ မူကြို၊ မူလတန်းနှင့် အလယ်တန်းကျောင်း ၂၈၀၀ ခန့်ပြန်လည်ဖွင့်လှစ်မှုကြောင့် ကျောင်းသား ၁ ဒသမ ၄ သန်းခန့်သည် သင်ယူမှုများကို ပြန်လည်စတင်ခွင့်ရရှိခဲ့သည်။

လူစုလူဝေးပြုလုပ်မှုကို ရှောင်ကျဉ်ရန် သတိပေးတားမြစ်မှုများ ရှိနေသော်လည်း ကျောင်းအားလုံးတွင် တရုတ်နိုင်ငံအလံကိုကိုင်ကာ ဝှေ့ယမ်းနေသည့် ထောင်ပေါင်း များစွာသော ကျောင်းသူ ကျောင်းသားများ၏ ပုံရိပ်များကို နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။ ကူးစက်မှုသစ်များပြန်ရှိလာပါက အွန်လိုင်းသင်ကြားမှုစနစ်သို့ ပြောင်းလဲသင်ကြားရန်လည်း စီစဉ်ထားကြောင်း မြို့အရာရှိများက လွန်ခဲ့သောအပတ်တွင် ပြောဆိုခဲ့သည်။

ကျောင်းသူကျောင်းသားများအနေဖြင့် နှာခေါင်းစည်းမဖြစ်မနေ တပ်ထားရမည်ဖြစ်ပြီး အများသုံးဘတ်စ်ကားများနှင့် ရထားများကို တတ်နိုင်သရွေ့ ရှောင်ကြဉ်ရန် ညွှန်ကြားထားသည်။ တရုတ်၌ COVID-19 ဖြင့်သေဆုံးသူ ၄၆၀၀ ကျော်အနက် ၈၀ ရာခိုင်နှုန်းခန့်မှာ ဝူဟန်မြို့မှ ဖြစ်သည်။ ဝူဟန်သည် ဇန်နဝါရီနှောင်းပိုင်းမှ စတင်ကာ ကူးသန်းသွားလာမှုဆိုင်ရာကန့်သတ်ချက်များကို နှစ်လကျော်ကြာအထိ ချမှတ်ခဲ့ရသည့် မြို့လည်းဖြစ်သည်။

တရုတ်နိုင်ငံသည် COVID-19 ကူးစက်ပျံ့နှံ့မှုကို နိုင်နင်းစွာ ထိန်းချုပ်နိုင်ပြီဖြစ်သောကြောင့် နိုင်ငံတစ်ဝန်းလုံးရှိ စာသင်ကျောင်းများကို ပြန်လည်ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။ ရှန်ဟိုင်းမြို့သည် စာသင်ကျောင်းများကို မေလတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး မကြာသေးမီတွင် ပြည်တွင်းကူးစက်မှုရှိခဲ့သည့် မြို့တော်ပေကျင်းသည်လည်း စက်တင်ဘာတွင် မူကြိုကျောင်းများအပါအဝင် စာသင်ကျောင်းအားလုံးကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။