မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် ကျပ်သိန်း ၆၁၆၀ တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း စက်တင်ဘာ ၃ ရက်နေ့တွင် မူးယစ်ရဲတပ်ဖွဲ့မှ သိရသည်။
စက်တင်ဘာလ ၂ ရက်နေ့က ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအဝင်လမ်းတွင် နောင်ချိုမြို့နယ်၊ အုမ္မခါးကျေးရွာနေ ဒေါ်အေးလှ ၅၃ နှစ်မောင်းနှင်လာသည့်မော်တော်ယာဉ်နှင့် မိုင်းရှူးမြို့နယ်၊ ကွမ်းပေါင် ကျေးရွာနေ စိုင်းလူ ၂၅ နှစ်မောင်းနှင်ပြီး မိုင်းရှူးမြို့နယ်၊ ဖက်ကြီးကျေးရွာနေသူများဖြစ်သည့် စိုင်းဟန်အောင် ၁၆ နှစ် နှင့် စိုင်းမောင် ၁၅ နှစ်တို့ စီးနင်းလိုက်ပါလာသည့် မော်တော်ယာဉ်တို့ကို မူးယစ်ရဲတပ်ဖွဲ့ဝင်များပါဝင်သည့်ပူးပေါင်းအဖွဲ့က ရပ်တန့်စစ်ဆေးရှာဖွေခဲ့သည်။
စိုင်းလူ မောင်းနှင်သည့်မော် တော်ယာဉ်တွင်တင်ဆောင်လာသော ရောင်စုံဆပ်ပြာခွက်များဖြင့်ထည့်ထားသည့် ကျပ်သိန်း ၆၁၆၀ တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၈.၈ ကီလို နှင့် လက်ကိုင်ဖုန်း ၅ လုံးတို့ကိုတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
၎င်းတို့အကျိုးတူပူးပေါင်းသယ်ဆောင်လာခြင်းဖြစ်ကြောင်းပေါ်ပေါက်သဖြင့် ပိတ်ချင်းမြောင်နယ် မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်း ဆက်များဖော်ထုတ် စစ်ဆေးလျက်ရှိသည်။

















