မြန်မာနိုင်ငံအပေါ် ICJ ၌ တရားစွဲဆိုမှု ဂမ်ဘီယာဘက်မှ ကနေဒါနှင့် နယ်သာလန် ပါဝင်မည်

မြန်မာနိုင်ငံအပေါ် ICJ ၌ တရားစွဲဆိုမှု ဂမ်ဘီယာဘက်မှ ကနေဒါနှင့် နယ်သာလန် ပါဝင်မည်

လူမျိုးတုန်း သတ်ဖြတ်မှုဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) ၌ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားသည့် ဂမ်ဘီယာနိုင်ငံအား ပါဝင်အားဖြည့်ရန် ဆန္ဒရှိနေကြောင်း ကနေဒါနှင့် နယ်သာလန်နိုင်ငံတို့က စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ရာဇဝတ်မှုတားဆီးရေးနှင့် ယင်းပြစ်မှုကျူးလွန်သူများအား အပြစ်ပေးနိုင်ရေး ရည်ရွယ်သည့် လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းပါ တာဝန်ဝတ္တရားများနှင့် အညီဆောင်ရွက်ခြင်းဖြစ်ကြောင်း ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဖရန်ဆွာ-ဖိလစ်ပဲ ရှမ်ပိန်နှင့် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး ရှတက် ဘလော့ခ်တို့က ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဂမ်ဘီယာ၏တရားရေးအရ ရင်ဆိုင်မှုတွင် ပါဝင်ရန် အခြားနိုင်ငံများအား တိုက်တွန်းပါကြောင်း ရှမ်ပိန်နှင့်ဘလော့ခ်တို့က တိုက်တွန်းပြောဆိုခဲ့သည်။ ဂမ်ဘီယာသည် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC) အဖွဲ့ဝင် ၅၇ နိုင်ငံကိုယ်စား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်သူများ ပြစ်ဒဏ်ကျခံနေရခြင်းမှ ကင်းလွတ်ခွင့်ရရှိနေမှု အဆုံးသတ်ရေးအတွက် ဂမ်ဘီယာက ICJ မှတစ်ဆင့် ထိရောက်စွာဆောင်ရွက်ခဲ့ကြောင်း ရှမ်ပိန်နှင့် ဘလော့ခ်တို့ကပြောဆိုခဲ့သည်။

ကနေဒါနှင့် နယ်သာလန်တို့သည် ဖြစ်ပေါ်လာနိုင်သည့် ရှုပ်ထွေးသော ဥပဒေကြောင်းအရကိစ္စရပ်များတွင် ပါဝင်ကူညီမည်ဖြစ်ပြီး လိင်ပိုင်းအကြမ်းဖက်မှုအပါအဝင် လိင်ပိုင်းနှင့် ကျားမလိင်အပေါ်အခြေခံကာ အကြမ်းဖက်မှုများနှင့်ဆက်စပ်သော ရာဇဝတ်မှုများကို အဓိကအလေးထားသွားမည်ဖြစ်ကြောင်း ရှမ်ပိန်နှင့်ဘလော့ခ်တို့ကပြောဆိုခဲ့သည်။ ယခုအမှုသည် လူသားမျိုးနွယ်တစ်ခုလုံးနှင့် ပတ်သက်မှုရှိသော ဖြစ်ရပ်ဖြစ်ကြောင်း ၎င်းတို့ကပြောဆိုခဲ့သည်။

ဗုဒ္ဓဘာသာအများစုနေထိုင်သော မြန်မာနိုင်ငံသည် ၁၉၄၈ ကုလသမဂ္ဂ လူမျိုးတုန်းသတ်ဖြတ်မှုကွန်ဗင်းရှင်းကို ချိုးဖောက်ခဲ့ကြောင်း အာဖရိကနိုင်ငံငယ်လေးဖြစ်သလို မွတ်စလင်အများစုနေထိုင်သည့် နိုင်ငံလည်းဖြစ်သည့် ဂမ်ဘီယာနိုင်ငံက သည်ဟိတ်ရှိ တရားရုံးမှတစ်ဆင့် စွပ်စွဲပြောဆိုခဲ့သည်။

လူမျိုးတုန်းသတ်ဖြတ်မှု မကျူးလွန်ခဲ့ကြောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်သလို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည့် ICJ ကြားနာစစ်ဆေးမှုတွင် ပြောဆိုခဲ့သည်။