သစ္စာမဲ့မှုဖြင့် စွပ်စွဲခံခဲ့ရသည့် ကြင်ယာတော်အား ဘွဲ့နှင့် ရာထူးပြန်အပ်နှင်း

သစ္စာမဲ့မှုဖြင့် စွပ်စွဲခံခဲ့ရသည့် ကြင်ယာတော်အား ဘွဲ့နှင့် ရာထူးပြန်အပ်နှင်း

သစ္စာမဲ့မှုဖြင့် စွပ်စွဲခံရပြီး လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်သည့် ကြင်ယာတော်အား ထိုင်းဘုရင် မဟာဝဇီရ လောင်ကွန်းက ဘွဲ့ထူးဂုဏ်ထူးနှင့် စစ်ဘက်ဆိုင်ရာရာထူးတို့ကို ပြန်လည်အပ်နှင်းလိုက်ပြီဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် တော်ဝင်ပြန်တမ်းအရသိရသည်။

ထိုင်းတော်ဝင်မိသားစု၏လုပ်ပိုင်ခွင့်ကို ကန့်သတ်ပြီး တော်ဝင်မိသားစုအပေါ် အသရေဖျက်မှုတားဆီးရေး ဥပဒေကို ရုပ်သိမ်းပေးရန် တောင်းဆိုသည့် ဆန္ဒပြမှုများဖြစ်ပွားနေချိန်တွင် ဘုရင်က အထက်ပါအတိုင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၌ ဘုရင်ကို နတ်ဘုရားတစ်ပါးသဖွယ်သတ်မှတ်ထားပြီး ဝေဖန်ပြောဆိုခွင့်မရှိချေ။

ယမန်နှစ် အောက်တိုဘာတွင် ဘုရင်မဟာဝဇီရလောင်ကွန်းက အသက် ၃၅ နှစ်အရွယ် သီနီးနတ် ဝန်ဝဇီရပါကဒီသည် မိဖုရားကြီး သုသီတာ နှင့်ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့မှုကြောင့် ကျေးဇူးတရားမသိတတ်ခဲ့ကြောင်း ပြောဆိုကာ သီနီးနတ်၏ တော်ဝင်ကြင်ယာရာထူးကို ရုပ်သိမ်းခဲ့သည်။ သို့သော် သီနီးနတ်သည် အပြစ်ကင်းမဲ့သူဖြစ်သောကြောင့် တော်ဝင်ကြင်ယာရာထူးနှင့် ယခင်ကဘွဲ့ထူးများကို ပြန်လည်အပ်နှင်းကြောင်း စက်တင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် နန်းတော်ပြန်တမ်း၌ ဖော်ပြထားသည်။

အပ်နှင်းမှုသည် သြဂုတ် ၂၈ ရက်တွင် စတင်သက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ သီနီးနတ်သည် ဘွဲ့ထူးဂုဏ်ထူးများ ရုပ်သိမ်းခံရပြီးနောက် အများပြည်သူမြင်ကွင်းမှ ပျောက်ကွယ်ခဲ့သည်။ သီနီးနတ်သည် ဂျာမနီသို့ရောက်ရှိနေကြောင်း Bild သတင်းစာက ယခုအပတ်တွင်ဖော်ပြခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ဖခမည်းတော် ဘုရင် ကံတော်ကုန်ခဲ့ပြီးနောက် ထီးနန်းဆက်ခံခဲ့သည့် မဟာဝဇီရလောင်ကွန်းသည် ယမန်နှစ် မေတွင် တရားဝင်နန်းတက်ကာ စည်းမျဉ်းခံဘုရင်တစ်ပါးဖြစ်လာခဲ့သည်။ နန်းတက်ပွဲမကျင်းပမီတွင် ဘုရင်သည် ကိုယ်ရံတော်တပ်ဖွဲ့ဒုတိယအကြီးအကဲ အသက် ၄၂ နှစ်အရွယ် သုသီတာ တစ်ဇိုင်နှင့် ထိမ်းမြားပြီး မိဖုရားကြီး သုသီတာဆိုသည့် ဘွဲ့ကိုချီးမြှင့်ခဲ့သည်။

နှစ်လအကြာတွင် ဘုရင်သည် သူနာပြုနှင့် ကိုယ်ရံတော်ဟောင်း သီနီးနတ်အား တော်ဝင်ကြင်ယာဘွဲ့ထူးပေးအပ်ခဲ့သည်။