ကိုရီးယားကျွန်းဆွယ်တစ်လျှောက်တွင် အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခု ဝင်ရောက် တိုက်ခတ်ခဲ့မှုကြောင့် တောင်ကိုရီးယား၌ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး ၂၀၀၀ ကျော်ကို ယာယီ ခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း အာဏာပိုင်များက စက်တင်ဘာ ၃ ရက်တွင် ပြောဆိုခဲ့သည်။
ကမ္ဘောဒီးယားဘာသာစကားအရ သစ်ပင်မျိုးဟု အဓိပ္ပါယ်ရသော တိုင်ဖွန်းမေဆက်သည် စက်တင်ဘာ ၃ ရက် အစောပိုင်းတွင် တောင်ဘက်ကမ်းရိုးတန်းရှိ ဘူဆန်သို့ အင်အားပြင်းထန်စွာဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် ဓာတ်တိုင်များ ပြိုလဲခြင်း၊ သစ်ပင်များ ပြိုလဲခြင်းနှင့် လမ်းမများပေါ်တွင် ရေလွှမ်းမိုးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ဘူဆန်ရှိ တိုက်ခန်းတစ်ခန်း၏မှန်ပြတင်းပေါက် လေဒဏ်ကြောင့် အက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲကျသည့် ရေခဲသေတ္တာ ထိခိုက်မိခဲ့ ပြီး အသက် ၆၀ အရွယ်ရှိ အမျိုးသား တစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်။
လူပေါင်း ၂၂၀၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ကာ ယာယီ ကယ်ဆယ်ရေး စခန်းများသို့ ပို့ဆောင်ပေးခဲ့ရသည်။ ဂျဲဂျူးကျွန်းနှင့် နိုင်ငံတောင်ပိုင်းဒေသများရှိ နေအိမ်ပေါင်း ၁၂၀၀၀၀ ခန့်သည် တစ်ညလုံး လျှပ်စစ်ဓာတ်အားမရရှိဘဲ နေထိုင်ခဲ့ရသည်။
ယခုရာသီအတွင်း ၉ ကြိမ်မြောက် မုန်တိုင်းဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့သည့် မုန်တိုင်းများအနက် စတုတ္ထမြောက်ဖြစ်သည့် တိုင်ဖွန်းမေဆက်သည် ကိုရီးယားတွင် ယခုနှစ်အတွင်း တိုက်ခတ်ခဲ့သော မုန်တိုင်းများအနက် အပြင်းထန်ဆုံးတစ်ခု ဖြစ်ပြီး မြောက်ကို ရီးယားနှင့် တောင်ကိုရီးယား နှစ်နိုင်ငံစလုံးအပေါ် သက်ရောက်မှုရှိခဲ့သည်။ တိုင်ဖွန်းမေဆက်သည် ကိုရီးယားကျွန်းဆွယ်၏ အရှေ့ဘက်ပိုင်းမှ စတင်ခဲ့ပြီး ဂျပန်ပင်လယ်အတွင်းသို့ ဦးတည်နေသည်။ လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၄၀ ကီ လိုမီတာ ရှိနေသည်။
"ကျွန်တော်တို့နိုင်ငံအပေါ် တိုင်ဖွန်းမုန်တိုင်းရဲ့ သက်ရောက်မှုက တဖြည်းဖြည်းနဲ့ အားပျော့သွားမှာပါ" ဟု တောင်ကိုရီးယား မိုးလေဝသညွှန်ကြားမှုဦးဌာနက ထုတ်ပြန် ထားသည်။ မြောက်ကိုရီးယားကမူ မုန်တိုင်းနှင့်ပတ်သက်ပြီး အရေးပေါ်သတိပေးချက် များ ထုတ်ပြန်ထားကာ အခြေအနေအား ရုပ်သံမှတစ်ဆင့် တိုက်ရိုက်သတင်းထုတ်လွှင့်မှုများ ပြုလုပ်နေကြောင်း သိရသည်။

















