ပင်တဂွန်၏ ကာကွယ်ရေးအစီရင်ခံစာကို တရုတ် ရှုတ်ချပြောဆို

ပင်တဂွန်၏ ကာကွယ်ရေးအစီရင်ခံစာကို တရုတ် ရှုတ်ချပြောဆို

တရုတ်စစ်တပ်သည် လာမည့်ဆယ်စုနှစ်အတွင်း လက်ရှိပိုင်ဆိုင်ထားသည့် နျူထိပ်ဖူးပမာဏကို နှစ်ဆတိုးနိုင်ရေး ကြိုးပမ်းနေကြောင်း အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်၏အစီရင်ခံစာပါဖော်ပြချက်သည် အခြေအမြစ်မရှိကြောင်း တရုတ်အစိုးရက စက်တင်ဘာ ၂ ရက်တွင် ရှုတ်ချပြောဆိုခဲ့သည်။

တရုတ်စစ်ရေးအင်အားသည် နယ်ပယ်တချို့တွင် အမေရိကန်ထက်ပင်ကျော်လွန်နေပြီဖြစ်ကြောင်း ပင်တဂွန်၏ နှစ်စဉ်ထုတ်ပြန်နေကျ တရုတ်စစ်ရေးအင်အားဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။ အစီရင်ခံစာကို စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ထိပ်တိုက်ဆုံရပါက တရုတ်သည် အမေရိကန်ကို စစ်ရေးအရ အောင်နိုင်ရန်လည်း ရည်မှန်းထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အစီရင်ခံစာပါ အချက်များ လုံးဝမှားယွင်းပြီး တရုတ်၏ကာကွယ်ရေးမူဝါဒနှင့် စစ်ရေးမဟာဗျူဟာတို့အပေါ် လွဲမှားစွာ အဓိပ္ပါယ်ကောက်ယူခြင်းသာဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် အစီရင်ခံစာသည် တရုတ်၏စစ်တပ်ခေတ်မီအောင်ပြုခြင်း၊ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ခြင်း၊ နျူကလီးယားစီမံကိန်းနှင့် အခြားစစ်ရေးကိစ္စများစွာတို့နှင့်ပတ်သက်၍ နာမည်ဖျက်ထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အင်အားကြီးနှစ်နိုင်ငံသည် ကုန်သွယ်ရေး၊နည်းပညာ၊ ကာကွယ်ရေးနှင့် နိုင်ငံရေးသြဇာတို့တွင် တစ်နိုင်ငံနှင့် တစ်နိုင်ငံ အသာစီးရရေး ယှဉ်ပြိုင်နေကြသည်။ အမေရိကန်သည် ၎င်းတို့၏စစ်ရေးအသုံးစရိတ်တိုးမြှင့်ရေးကို လူများအာရုံစိုက်မှုမရှိလာရေးအတွက် တရုတ်အပေါ် အပြစ်ပုံချကာ အာရုံလွှဲနေခြင်းသာဖြစ်ကြောင်း တရုတ်က ပြောဆိုခဲ့သည်။

တရုတ်သည် ကာကွယ်ရေးမူဝါဒတွင် ခုခံရေးကိုသာ ဦးစားပေးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးတည်ထောင်သူသာဖြစ်သည်ကို တစ်ကမ္ဘာလုံးက သိရှိခဲ့ပြီးဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောခွင့်ရှိသူ ဟွာ ချွန်ယင်းက စက်တင်ဘာ ၂ ရက်တွင် သတင်းစာရှင်းလင်းပြောဆိုခဲ့သည်။

တရုတ်သည် ထိုင်ဝမ်ကိုကျော်လွန်ကာ ပစိဖိတ်ဒေသတွင် စစ်ရေးသြဇာဖြန့်ကျက်ပြီး ဒေသတွင်းမှ အမေရိကန်ကို နှင်ထုတ်လိုနေကြောင်း ပင်တဂွန်၏အစီရင်ခံစာတွင်ဖော်ပြထားသည်။ အမေရိကန်သည်သာ ပစိဖိတ်ဒေသတစ်ဝန်း စစ်စခန်းများထားရှိပြီး အာရှဒေသတွင်း တင်းမာမှုများရှိလာအောင် လှုံ့ဆော်နေခြင်းဖြစ်ကြောင်း တရုတ်က ပြစ်တင်ပြောဆိုခဲ့သည်။