မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် အရက်မူး၍ပိုက်ဆံလာတောင်းသည်ကိုမပေး၍ အလုပ်သမားဟောင်းက အလုပ်ရှင်ကို စကေဘာနှင့် ထိုးသတ်ခဲ့သည်ဆိုမှုကို ဖမ်းဆီးအရေး ယူထားကြောင်း စက်တင်ဘာ ၄ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။
စက်တင်ဘာ ၁ ရက် မွန်းလွဲ ၃နာရီခွဲအချိန်ခန်တွင် မန္တလေးတိုင်းဒေသကြီး၊ချမ်းအေးသာဇံမြို့နယ် ၊ကုက္ကိုစုရပ်ကွက်နေ တိုင်တန်းသူအမျိုးသား နေအိမ်၌ရှိနေစဉ်၊အောင်နန်းရိပ်သာ အရှေ့ရပ်ကွက်နေ ခယ်မဖြစ်သူ ဒေါ်ကျော့ကျော့လေး၏ခင်ပွန်းဖြစ်သူ ဦးကြည်စိုး(၅၁)နှစ် မှာစကေဘာဖြင့် အထိုးခံရ၍မန္တလေးဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ရောက်ရှိနေကြောင်း လာရောက်အကြောင်းကြားသဖြင့် သွားရောက်ကြည့်ရှုခဲ့သည်။
စုံစမ်းချက်အရ ဦးကြည်စိုးသည် အခင်းဖြစ် နေအိမ်ရှိပန်းပဲဖို၌ ပန်းပဲလုပ်ငန်း လုပ်ကိုင်နေစဉ် ယခင်ကဦးကြည်စိုး၏ ပန်းပဲလုပ်ငန်း၌ အလုပ်လုပ်ကိုင်ဖူးသူ၊ ချမ်းမြသာစည်မြို့နယ်၊ မနော်ဟရီလမ်းမြောက်ဘက်နေ သိန်းတန်(၅၄) နှစ် အရက်မူးလျက် ရောက်ရှိလာပြီး လုပ်ငန်းအဆင်မပြေဟုပြောကာ ဦးကြည်စိုးထံမှ ပိုက်ဆံတောင်းခဲ့သည်။
ဦးကြည်စိုးက မပေးနိုင်ကြောင်း ပြန်ပြောသဖြင့် သိန်းတန်က လွယ်အိတ်ထဲတွင်အသင့်ပါလာသောအရှည်(၁၀)လက်မခွဲခန့်ရှိ လက်ကိုင်သံကွင်းပါ ဦးချွန်သံချောင်း(စကေဘာ)ဖြင့် ဦးကြည်စိုးအား ထိုးခဲ့သည်။ ဦးကြည်စိုးမှာ တစ်ရပ်ကွက်တည်းနေ အကွက်မှူး၏ နေအိမ်သို့ထွက်ပြေးစဉ် သိန်းတန်က စကေဘာဖြင့် လိုက်လံထိုးခဲ့သည်။ အခင်းဖြစ်ချိန်တွင် ဦးကြည်စိုး၏ ပန်းပဲလုပ်ငန်း၌ လုပ်ကိုင်နေသူ ရဲသူရက ဝင်ရောက်ဖြန်ဖြေရာ ၎င်းလည်း စကေဘာဖြင့်(၂)ချက် အထိုးခံခဲ့ရသည်။
စကေဘာနှင့်အထိုးခံရသူ ဦးကြည်စိုးတွင် ယာလက်ကောက်ဝတ်၊ဝဲလက်မောင်း ဝမ်းဗိုက်၊ဝဲရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာတို့ရရှိကာ သေဆုံးသွားခဲ့ပြီး ရဲသူရ၏ ယာနံစောင်း၊ယာခါးထိုးသွင်းဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိကာ မန္တလေးဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်ဆိုကာ သက်ဆိုင်ရာသို့ တိုင်တန်းခဲ့သည်။။
ပြစ်မှုကျုးလွန်သူ သိန်းတန်ကို ဖမ်းဆီးစစ်ဆေးချက်အရ ၎င်းသည် ပန်းပဲဖိုမှ အလုပ်ထွက်လာပြီးကတည်းက ကြုံရာကျဘမ်း လုပ်ကိုင်နေရကြောင်း၊ ငွေကြေး အလုပ်အကိုင်အဆင်မပြေသောကြောင့် ယခင်အလုပ်ရှင်ဆရာဖြစ်ခဲ့ဖူးသူ ပန်းပဲလုပ်ငန်းပိုင်ရှင် ဦးကြည်စိုးထံ ပိုက်ဆံချေးငှားတောင်းခံခဲ့ရာ ဦးကြည်စိုးက မရှိဘူး၊မပေးနိုင်ဘူးပြောသောကြောင့် စိတ်ဆိုးဒေါသထွက်ကာစကေဘာနှင့် လိုက်လံထိုးခဲ့ကြောင်း၊ ၎င်းကိုလာရောက်ဖျန်ဖြေဝင်ဆွဲသူကိုလည်း စကေဘာနှင့်ထိုးခဲ့ကြောင်း ထွက်ဆိုခဲ့သည်။ ပြစ်မှုကျုးလွန်သူသိန်းတန်ကို အမှတ်(၈)နယ်မြေရဲစခန်းတွင်(ပ)၃၆၀/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆အရ အမှုရေးဖွင့်ဖမ်းဆီး အရေးယူထားကြောင်းသိရသည်။

















