ထိုင်းအစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများတွင်ပါဝင်မှုဖြင့် ကနဦးတွင် ရရှိခဲ့သည့် အာမခံအခြေအနေကို ချိုးဖောက်ခဲ့သည့်အတွက် နိုင်ငံရေးလှုပ်ရှားသူနှစ်ဦးအား အကျဉ်းထောင်၌ ချုပ်နှောင်ထားရန် တရားရုံးတစ်ရုံးက စက်တင်ဘာ ၄ ရက်တွင် ဆုံးဖြတ်ခဲ့သည်။
လူ့အခွင့်အရေးရှေ့နေ အသက် ၃၆ နှစ်အရွယ် အန်နွန်နမ်ပါနှင့် ကျောင်းသားလှုပ်ရှားသူ အသက် ၂၄ နှစ်အရွယ် ပနူပွန် ဂျက်နော့တို့သည် ဘန်ကောက်ရှိ ရမန်အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရသည်။ သြဂုတ် ၈ ရက်တွင် အာမခံဖြင့် လွှတ်ပေးလိုက်ပြီးနောက် ၎င်းတို့သည် အာမခံအခြေအနေကို မလိုက်နာဘဲ ဆန္ဒပြမှုတွင် ဆက်လက်ပါဝင်ခဲ့ကြောင်း တရားရုံးက ထုတ်ပြန်ခဲ့သည်။
အစိုးရသည် ကျောင်းသားများ၊ ရက်ပ်ပါများ၊ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူများကို မကြာသေးမီတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ၎င်းတို့နှစ်ဦးသည် အာမခံငွေတင်သွင်းရန် ငြင်းဆန်ခဲ့ခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း အန်နွန်၏ ရှေ့နေက ပြောဆိုခဲ့သည်။
လက်ရှိတွင် ယခုကိစ္စနှင့်ပတ်သက်ပြီး ထုတ်ပြန်ပြောဆိုစရာ မရှိကြောင်း အစိုးရ၏ ပြောခွင့်ရှိသူက ပြောဆိုသည်။ တရားရုံးတော်ကလည်း မေးမြန်းမှုကို ချက် ချင်း ပြန်လည်ဖြေဆိုခြင်း မရှိခဲ့ပေ။
၎င်းတို့နှစ်ဦးသည် ပြီးခဲ့သည့် ခြောက်လတာ ကာလအတွင်း၌ အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသူများဖြစ်ကြသည်။ နိုင်ငံရေးတွင် စစ်တပ်၏ လွှမ်းမိုးထားမှု အဆုံးသတ်ရေးနှင့် ၂၀၁၄ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းကာ ဝန်ကြီးချုပ်ဖြစ်လာသော ပရာယွတ်ချန်အိုချာ နုတ်ထွက်ပေးရေး အစရှိသည်တို့ကို ဆန္ဒပြသူများက တောင်းဆိုခဲ့သည်။

















