အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကြား တင်းမာမှုများပြင်းထန်နေချိန်တွင် တရုတ်ကုမ္ပဏီ Tencent က ထုတ်လုပ်ထားသည့် အက်ရှင်ဂိမ်းတစ်မျိုးဖြစ်သည့် PUBG သည် အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်သည်ဟု အကြောင်းပြပြီး အိန္ဒိယနည်းပညာဝန်ကြီးဌာနက နိုင်ငံတွင်း ပိတ်ပင်လိုက်ပြီဖြစ်သည်။
အိန္ဒိယအစိုးရ၏လုပ်ရပ်ကြောင့် ဂိမ်းကစားသူများ စိတ်ပျက်နေကြပြီဖြစ်သည်။ ကူးသန်းသွားလာမှုပိတ်ပင်ထားချိန်အတွင်း PUBG ဂိမ်းကြောင့် ပြင်ပကမ္ဘာကဲ့သို့ လူမှုဆက်ဆံရေးအခြေအနေရှိခဲ့ကြောင်း မွမ်ဘိုင်းရှိ အသက် ၂၆ နှစ်အရွယ် မူစတာဖာ စကန်ဝါလာကပြောဆိုခဲ့သည်။
တရုတ်က ထုတ်လုပ်သည့် အက်ပလီကေးရှင်းများသည် အိန္ဒိယ၏အချုပ်အခြာအာဏာနှင့် လုံခြုံရေးအတွက် အန္တရာယ်ဖြစ်ကြောင်း အိန္ဒိယနည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ၎င်းတို့ ထုတ်လုပ်ထားသည့် အက်ပလီကေးရှင်းများသည် အိန္ဒိယ၏သတင်းအချက်အလက်ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေများကို လိုက်နာသောကြောင့် ယခုဖြစ်ရပ်နှင့်ပတ်သက်၍ အိန္ဒိယအာဏာပိုင်များကို ဆက်သွယ်ကာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Tencent က စက်တင်ဘာ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။
အိန္ဒိယသည် PUBG အတွက် အကြီးဆုံးဈေးကွက်ဖြစ်ပြီး အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူမှုများအနက် ၂၉ ရာခိုင်နှုန်းသည် အိန္ဒိယမှဖြစ်ကြောင်း လေ့လာမှုတစ်ခုတွင်ဖော်ပြထားသည်။

















