ဂျပန်ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒဲ ဆူဂါသည် အများပြည်သူများကြားတွင် လူကြိုက်အများဆုံး ဝန်ကြီးချုပ်လောင်းဖြစ်နေကြောင်း အဆာဟိ ရှင်ဘွန်းသတင်းစာက ပြုလုပ်ပြီး စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်းအရသိရသည်။
ဆူဂါသည် အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP)အတွင်း လူအများစုထောက်ခံမှုရရှိပြီးနောက် အများပြည်သူ၏ထောက်ခံမှုလည်း များစွာရရှိလာခြင်းဖြစ်ကြောင်း စစ်တမ်းတွင်ဖော်ပြထားသည်။
ဆူဂါသည် အများပြည်သူထောက်ခံမှု ၃၈ ရာခိုင်နှုန်းရရှိနေပြီး ထောက်ခံမှု ၂၅ ရာခိုင်နှုန်းရရှိနေသည့် ကာကွယ်ရေးဝန်ကြီးဟောင်း ရှီဂဲရု အီရှီဘာထက် ပိုမိုလူကြိုက်များခံနေရကြောင်း မီဒီယာများ၏လူထုအမြင်စစ်တမ်းများအရသိရသည်။ LDP ပါတီ၏မူဝါဒရေးရာအကြီးအကဲ ဖူမီယို ကီရှီဒါသည် ထောက်ခံမှု ၅ ရာခိုင်နှုန်းဖြင့် နောက်ဆုံးတွင် ရှိနေသည်။
ဇွန်တွင် အဆာဟိကပြုလုပ်ခဲ့သည့် စစ်တမ်းတွင်မူ အီရှီဘာသည် ထောက်ခံမှု ၃၁ ရာခိုုင်နှုန်းဖြင့် ထိပ်ဆုံးကရှိနေပြီး ဆူဂါသည် ထောက်ခံမှု ၃ ရာခိုင်နှုန်းသာရှိခဲ့သည်။ ကျန်းမာရေးအခြေအနေဆိုးရွားမှုကြောင့် ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ပြီဖြစ်ကြောင်း ပြောဆိုထားသည့် ရှင်ဇိုအာဘေး၏ကာလရှည်မဟာမိတ်ဖြစ်သော ဆူဂါက COVID-19 တိုက်ဖျက်ရေးကာလအတွင်း ခေါင်းဆောင်မှုပျက်ကွက်မည်ကို စိုးရိမ်သည့်အတွက် ပါတီခေါင်းဆောင်ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂ ရက်တွင် ပြောဆိုခဲ့သည်။
LDP ခေါင်းဆောင်ရွေးကောက်ပွဲကို စက်တင်ဘာ ၁၄ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး LDP မှ အမတ်များနှင့် ဒေသဆိုင်ရာပါတီကိုယ်စားလှယ်များ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။ LDP သည် အောက်လွှတ်တော်တွင်း အမတ်နေရာအများစုရရှိထားသောကြောင့် ပါတီခေါင်းဆောင်သည် ဝန်ကြီးချုပ်ဖြစ်လာရန် သေချာနေသည်။
ဆူဂါသည် အစိုးရ၏ပြောခွင့်ရှိသူအဖြစ် ခုနစ်နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲများကို နေ့စဉ်ပြုလုပ်ခဲ့သောကြောင့် အာဘေးပြီးနောက်တွင် လူသိအများဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့သည်။
အဆာဟိသတင်းစာသည် ဝန်ကြီးချုပ်ကောင်းတစ်ဦးဖြစ်ရန် လိုအပ်သည့် အရည်အသွေးများနှင့်ပတ်သက်၍လည်း မေးခွန်းထုတ်ခဲ့ရာ ဖြေဆိုသူ ၃၇ ရာခိုင်နှုန်းက ခေါင်းဆောင်မှုသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ခေါင်းဆောင်မှုဖြစ်ကြောင်း ပြောဆိုသူများအနက် ၄၃ ရာခိုင်နှုန်းက ဆူဂါကို ထောက်ခံခဲ့ပြီး ၂၀ ရာခိုင်နှုန်းက အီရှီဘာကို ထောက်ခံကြောင်း ပြောဆိုခဲ့သည်။

















