COVID-19 ကူးစက်သူ ၁၅၀၀၀၀ ကျော်ရှိသည့် နိုင်ငံများမှ နိုင်ငံသားများ မလေးရှားသို့ လာခွင့်ပိတ်ပင်

COVID-19 ကူးစက်သူ ၁၅၀၀၀၀ ကျော်ရှိသည့် နိုင်ငံများမှ နိုင်ငံသားများ မလေးရှားသို့ လာခွင့်ပိတ်ပင်

COVID-19 ကူးစက်သူ ၁၅၀၀၀၀ ကျော်ရှိသော နိုင်ငံများမှ နိုင်ငံသားများကို စက်တင်ဘာ ၇ ရက်မှစ၍ နိုင်ငံတွင်း ဝင်ရောက်ခွင့်ပိတ်ပင်မည်ဖြစ်ကြောင်း မလေးရှားအစိုးရအဖွဲ့မှ အဆင့်မြင့်ဝန်ကြီး အစ္စမေးလ် ဆဘရီ ယာကွတ်က စက်တင်ဘာ ၃ ရက်တွင် ပြောဆိုခဲ့သည်။

နိုင်ငံတွင်း ဝင်ရောက်ခွင့်ပိတ်ပင်သည့် အမေရိကန်ပြည်ထောင်စု၊ ဘရာဇီး၊ ပြင်သစ်၊ ဗြိတိန်၊ စပိန်၊ အီတလီ၊ ဆော်ဒီအာရေဗျ၊ ရုရှားနှင့် ဘင်္ဂလားဒေ့ရှ်တို့ပါဝင်ကြောင်း ဆဘရီ ယာကွတ်ကပြောဆိုခဲ့သည်။ ကူးစက်သူ ၁၅၀၀၀၀ ကျော်ရှိနေသည့် နိုင်ငံများကို ကူးစက်နိုင်သည့် အန္တရာယ်များသည့် နိုင်ငံများအဖြစ်သတ်မှတ်ပြီး ယင်းနိုင်ငံမှ နိုင်ငံသားများကို မလေးရှားသို့ ဝင်ရောက်ခွင့်ပိတ်ပင်မည်ဖြစ်ကြောင်း ဝန်ကြီးက သတင်းထောက်များအား ပြောဆိုခဲ့သည်။

သို့သော် အရေးပေါ်ကိစ္စ သို့မဟုတ် နှစ်နိုင်ငံကြား ဆွေးနွေးပွဲများအတွက် အဆိုပါလူပုဂ္ဂိုလ်တစ်ဦးသည် မဖြစ်မနေလာရောက်ရမည်ဆိုပါက လူဝင်မှုကြီးကြပ်ရေးဌာန၏ခွင့်ပြုချက်နှင့်အညီ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

မလေးရှားနိုင်ငံသို့ လာရောက်ခွင့်ရရှိထားသည့် အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံသားများအား စက်တင်ဘာ ၇ ရက်မှစ၍ နိုင်ငံသို့လာရောက်ခွင့်ပိတ်ပင်မည်ဖြစ်ကြောင်း မလေးရှားအစိုးရက စက်တင်ဘာ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းသုံးနိုင်ငံ၌ ကူးစက်သူဦးရေ များပြားလာသောကြောင့် ယခုကဲ့သို့ ပိတ်ပင်ချက်ချမှတ်လိုက်ရခြင်းဖြစ်ကြောင်း အစ္စမေးလ် ဆဘရီ ယာကွတ်ကပြောဆိုခဲ့သည်။

သို့သော် COVID-19 ကူးစက်မှုအန္တရာယ်မြင့်မားသည့် နိုင်ငံများတွင် နေထိုင်နေသည့် မလေးရှားနိုင်ငံသားများကိုမူ မိခင်နိုင်ငံသို့ပြန်လာခွင့်ပြုမည်ဖြစ်ပြီး ၎င်းတို့သည် ၁၄ ရက် သီးခြားစောင့်ကြည့်ခံရမည်ဖြစ်ကြောင်း ၎င်းကပြောဆိုခဲ့သည်။ ၁၉၈၈ ကူးစက်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးအက်ဥပဒေ သက်ရောက်နေပြီဖြစ်သောကြောင့် ရဲတပ်ဖွဲ့ဝင်များက ဥပဒေအတိုင်း ဆောင်ရွက်မည်ဟု ဆိုသည်။

မလေးရှား၌ စက်တင်ဘာ ၃ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၄ ဦးရှိခဲ့သောကြောင့် ကူးစက်သူ ၉၃၇၄ ဦးရှိနေပြီဖြစ်သည်။