လူစုလူဝေးမပြုရ ပိတ်ပင်ချက်ချိုးဖောက်ပြီး ဘာသာရေးပွဲတော်ကျင်းပသူများအား နီပေါရဲတပ်ဖွဲ့ လူစုခွဲ

လူစုလူဝေးမပြုရ ပိတ်ပင်ချက်ချိုးဖောက်ပြီး ဘာသာရေးပွဲတော်ကျင်းပသူများအား နီပေါရဲတပ်ဖွဲ့ လူစုခွဲ

နီပေါနိုင်ငံ၌ စက်တင်ဘာ ၃ ရက်တွင် COVID-19 ရောဂါဆိုင်ရာ စည်းမျဉ်းကန့်သတ်ချက်များကို ချိုးဖောက်ပြီး ဘာသာရေးအခမ်းအနားကျင်းပခဲ့သူများအား ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များ အသုံးပြုကာ လူစုခွဲခဲ့ရသည်။ 

ရဲတပ်ဖွဲ့ဝင်လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နီပေါရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ မီးသတ်ယာဉ်တစ်စီးလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။ ပွဲတော်ကျင်းပသူများလည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး လူမည်မျှထိခိုက်ခဲ့သည်ကိုမူ အတိအကျ မသိရချေ။ ဟိန္ဒူဘာသာဝင်များနှင့် ဗုဒဘာသာဝင်များသည် ယင်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပြီး မိုးနတ်မင်း မက်ချန္ဒာ၏ ရုပ်တုကို တင်ဆောင်ထားသည့် လှည်းယာဉ်ဖြင့် မြို့တော်အနီးရှိ လာလစ်ပူရလမ်းများပေါ်တွင် လမ်းများတစ်လျှောက် လှည့်လည်သွားလာကာ ပူဇော်ပွဲပြုလုပ်လေ့ရှိသည်။

စက်တင်ဘာ ၃ ရက်တွင် လှည်းယာဉ်တော်ကို လမ်းဖယ်ပေးရန် အော်ဟစ်ညွှန်ကြားမှုများရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် ရိုးရာဗုံများကိုလည်း တီးခတ်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များသည် လူအုပ်ကို တားဆီးနိုင်ရန် ကြိုးပမ်းခဲ့သည်။

"သူတို့ကို တားဆီးဖို့ ဖြန့်ချထားတဲ့ တပ်ဖွဲ့ဝင်တွေကို ခဲတွေနဲ့ ဝိုင်းပေါက်ကြတဲ့နောက် တားမြစ်ထုတ်ပြန်ထားတဲ့ အမိန့်တွေကို ချိုးဖောက်တဲ့ လူအုပ်ကြီးကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး လူစုခွဲခဲ့ရတယ်" ဟု လာလစ်ပူရခရိုင် ရဲတပ်ဖွဲ့မှူး နာရာယန်း ပရာဆက် ဘတ္တားက ပြောဆိုခဲ့သည်။

ရာစုနှစ်နှင့်ချီ၍ ကျင်းပလာခဲ့သော ရိုးရာပွဲတော်ကို ဧပြီလနှောင်းပိုင်းတွင် ကျင်းပနေကျဖြစ်သော်လည်း မတ်လတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထုတ်ပြန်ခဲ့သော COVID-19 ဆိုင်ရာကန့်သတ်ချက်စည်းမျဉ်းများကြောင့် ရက်ရွှေ့ဆိုင်းခဲ့ရသည်။

ဇူလိုင်လတွင် ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့သော်လည်း သြဂုတ် ၂၀ ရက်တွင် COVID-19 ကူးစက်မှု ပြန်လည်မြင့်တက်လာခဲ့သည်။ လမ်းမများပေါ်တွင် မဖြစ်မနေ လုပ်ဆောင်ရမည့် တာဝန်များနှင့် အလုပ်များကိုသာ ခွင့်ပြုပေးထားသည်။&

လူဦးရေ ၂၈ သန်းရှိသော ဟိမဝန္တာနိုင်ငံ နီပေါသည် ပြီးခဲ့သည့် ၁၀ ရက်အတွင်း COVID-19 ကူးစက်သူသစ် ၁၀၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၁၀၀ ကျော်ရှိခဲ့သည်။ နီပေါတွင် COVID-19 ကူးစက်သူ ၄၂၈၇၇ ဦးနှင့် သေဆုံးသူ ၂၅၇ ဦး ရှိနေသည်။