ရက်ပေါင်း ၁၀၀ ကျော် COVID-19 ကူးစက်မှုမရှိခဲ့သည့် ထိုင်းနိုင်ငံ၌ စက်တင်ဘာ ၃ ရက်တွင် COVID-19 ပြည်တွင်းကူးစက်မှု ပြန်ရှိလာခဲ့ကြောင်း အာဏာပိုင်များက ပြောဆိုခဲ့သည်။
အသက် ၃၇ နှစ်အရွယ်ရှိ အမျိုးသား တစ်ဦးအား စက်တင်ဘာ ၃ ရက်တွင် အပတ်စဉ် ဆေးစစ်မှု ပြုလုပ်ခဲ့ရာ၌ ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ရကြောင်း အကျဉ်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။ ၎င်းသည် ပြည်ပခရီးသွားရာဇဝင်မရှိဘဲ COVID-19 ကူးစက်သူတစ်ဦးနှင့် ထိတွေ့ခဲ့ခြင်းဖြစ်နိုင်ကြောင်း အကျဉ်းဦးစီးဌာန၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အမျိုးသားသည် မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် သြဂုတ် ၂၆ ရက်တွင် အဖမ်းခံခဲ့ရသူဖြစ်ကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့သည်။ နိုက်ကလပ်ဒီဂျေဟောင်း အဆိုပါအမျိုးသားကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကာ ၎င်းနှင့် ထိတွေ့မှုရှိခဲ့ သော အကျဉ်းသားများကိုလည်း သီးခြားထားရှိ စောင့်ကြည့်ခြင်းများ ပြုလုပ်နေပြီဖြစ်သည်။
လွန်ခဲ့သော သုံးလအတွင်း ထိုင်းရှိ COVID-19 ကူးစက်မှုအားလုံးသည် ပြည်ပမှ ပြန်လာသူများဖြစ်ပြီး အားလုံးကို သီးခြားထားရှိ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။ ထိုင်းနိုင်ငံအနေဖြင့် ရက်ပေါင်း ၁၀၀ အတွင်း ပြည်တွင်းကူးစက်မှုမရှိအောင် စွမ်းဆောင် နိုင်ခဲ့သည့်အတွက် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက စက်တင်ဘာ ၃ ရက်၌ ဂုဏ်ပြု စကားပြောဆိုခဲ့သည်။ ထိုင်းနိုင်ငံတွင် မေလ ၂၄ ရက်တွင် အတည်ပြုလူနာတစ်ဦး နောက်ဆုံး တွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် COVID-19 ဗိုင်းရပ်စ်ကို ဇန်နဝါရီတွင် ပထမဆုံး တွေ့ရှိခဲ့သည့် နိုင်ငံဖြစ်သော်လည်း ကပ်ရောဂါကြောင့် ထိခိုက်နစ်နာမှုနည်းပါးအောင် ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော် ပြည်ပခရီးသွားများ ဝင်ရောက်ခွင့် တား မြစ်လိုက်သည့်အတွက် ခရီးသွားများ မဝင်ရောက်နိုင်ခြင်း၊ ပြည်ပပို့ကုန်ကျဆင်းခြင်းတို့ကြောင့် စီးပွားရေးများစွာထိခိုက်နစ်နာခဲ့ရသည်။

















