ဘင်္ဂလားဒေ့ရှ်တွင် ဗလီကျောင်းတစ်ခုအနီး ဖြတ်သန်းဆက်သွယ်ထားသော ဂက်စ်ပိုက်လိုင်းတစ်ခု ပေါက်ကွဲခဲ့သည့်အတွက် ဝတ်ပြုဆုတောင်းသူ ၁၃ ဦး သေဆုံးခဲ့ ပြီး ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၅ ရက်၌ ပြော ကြားခဲ့သည်။
ဒါကာမြို့အပြင်ဘက်ရှိ နာရာယန်ဂန့်ခရိုင်ရှိ ဗလီကျောင်းတစ်ခုတွင် စက်တင် ဘာ ၄ ရက် ညပိုင်း၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြောင်းအရင်းမှာ ဂက်စ်ပိုက် ယိုစိမ့်မှုကြောင့် ဖြစ်နိုင်ကြောင်း မီးသတ်ဦးစီးဌာန အရာရှိများက သုံးသပ်ခဲ့ကြသည်။
မီးလောင်ခံရသူအများစုအား ဒါကာရှိ ခန္ဓာကိုယ်မီးသင့်မှုဆိုင်ရာ အထူးကုဆေးရုံနှင့် ပလတ်စတစ်ဆာဂျရီ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။ မီးအဆက်မပြတ် လောင်ကျွမ်းခဲ့မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ရိုက်တာ က ဖော်ပြထားသည်။
ဒဏ်ရာရသူများထဲတွင်လည်း စိုးရိမ်ရသူများ ရှိနေခြင်းကြောင့် သေဆုံးသူအရေအတွက်မှာ တိုးမြင့်လာနိုင်သေးသည်ဟု မီးလောင်မှုအား ပါဝင်ငြှိမ်း သတ်ပေးခဲ့သူ တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ရိုက်တာက ဖော်ပြသည်။ ဂက်စ်ပိုက်လိုင်း ယိုစိမ့်မှုကြောင့် ဗလီအတွင်း၌ ဂက်စ်များကို စုဆောင်းပေးသလို ဖြစ်လာခဲ့ပြီးနောက် ပေါက်ကွဲမှုကို တွန်းအားပေးသည့်ပုံစံ ဖြစ်ခဲ့ရသည်ဟု မီးသတ်ဦးစီးဌာန အရာရှိများက သုံးသပ်ပြောဆိုခဲ့သည်။

















