ကလေး၊ကဘော်ဒေသတွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ၌ ထိရောက်သောလုံခြုံရေးအစီအမံများလိုအပ်

ကလေး၊ကဘော်ဒေသတွင် COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများ၌ ထိရောက်သောလုံခြုံရေးအစီအမံများလိုအပ်

မြန်မာ-အိန္ဒိယနယ်စပ်စည်းရိုးနှင့် နီးစပ်သော ကလေး၊ ကဘော်ဒေသကို COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုအန္တရာယ်မှ ကာကွယ်နိုင်ရန် သက်ဆိုင်ရာ နယ်စပ်ရေးရာတာဝန်ရှိများ၊ အစိုးရအဖွဲ့များမှ အထူးကြပ်မတ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ကလေးမြို့အခြေစိုက် နယ်စပ်ဒေသ စောင့်ကြည့်လေ့လာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

''အခုအခြေအနေက ကလေးမြို့နဲ့ တမူးဒေသမှာ COVID-19 ရောဂါ ကာကွယ်တိုက် ဖျက်ရေးကော်မတီဆိုတာကတော့ ရှိနေပါတယ်။ လုပ်လည်းလုပ်ကိုင်နေကြပါတယ်။ဒါပေမဲ့ တိုင်းဒေသကြီးအစိုးရရဲ့ အထူးတာဝန်ပေး ခံရတဲ့အစိုးရအဖွဲ့ဝင်တစ်ဦးဦး လာရောက် ကြီးကြပ်မှုရှိရင် ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။ နောက်ပြီး နယ်စပ်ဒေသဆိုတာက တရားမဝင်ဝင်ရောက် နေထိုင်သူတွေလည်း လက်လှမ်းမမီတဲ့ ကျေးရွာတွေမှာရှိလာနိုင်သလို ချင်းပြည်နယ်ဆိုတာလည်း ရခိုင်ပြည်နယ်နဲ့လမ်းကြောင်းဆက်စပ်နေတဲ့မြို့ဖြစ်ပါတယ်။ ချင်းတောင်ဘက်ကဖြစ်ဖြစ် ကဘော်ဒေသ၊ ချင်းတွင်းမြစ်ရိုးဒေသတွေကနေ လှည့်ပတ်ဝင်ရောက်လာတာမျိုးတွေ ရှိနိုင်တယ်''ဟု ၎င်းကပြောသည်။

မြန်မာ-အိန္ဒိယနယ်စပ်စည်းရိုးသည် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး စသဖြင့် ဆက်စပ်တည်ရှိလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး တမူးနယ်စပ်မှလည်းကောင်း၊ ချင်းပြည်နယ် ပလက်ဝ၊ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်မြို့နယ်၊ ကျေးရွာများမှ တစ်ဆင့် ကလေးဒေသဘက်သို့ တရားမဝင် ဝင်ရောက်လာမှုများရှိနိုင်ရာ နယ်စပ်ဝင်ပေါက် စစ်ဆေးရေး၊ မြို့ဝင်မြို့ထွက် စစ်ဆေးရေးများဆောင်ရွက်ရန် လိုအပ်ကြောင်း ကလေးမြို့ ဒေသခံ ဦးအောင်လင်းက ပြောသည်။

''တစ်ဖက်ကနေ ခိုးဝင်လာတာတွေကတော့ ဟိုအရင်တုန်းကစပြီး မကြာခဏတွေ့ရှိနေတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ခိုးဝင်ကိစ္စက တမူးနယ်စပ်မှာလည်းရှိသလို ချင်းပြည်နယ်  ရိဒ်နယ်စပ်မှာလည်း တရားမဝင် ဝင်ထွက်သွားလာနိုင်တဲ့ တရားမဝင်လမ်းတွေရှိတယ်။ COVID-19 ရောဂါကာကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီးဘက်ကဆိုရင် ချင်းပြည်နယ် ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့အတွက် ရခိုင်ပြည်နယ်ဘက်ကလာတဲ့ ကားတွေအားလုံးကို ပိတ်ထားလိုက်ပြီး ချင်းပြည်နယ်ဘက်က ဆင်းလာတဲ့ကားတွေကို ကြပ်မတ်စစ်ဆေးမှုတွေ လုပ်နေတယ်၊။ကျွန်တော်တို့ဒီဘက်မှာလည်း အထူးစစ်ဆေးမှုတွေ လုပ်သင့်တယ်''ဟု ၎င်းက ဆက်လက်ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး