တရုတ်ပြည်စျေးကွက်သို့ ဖရဲ၊ သခွား တင်ပို့ရာတွင် ရာသီအစဖြစ်သော်လည်း စျေး ကောင်းရနေကြောင်း ဖရဲ၊ သခွားလုပ်ငန်း ရှင်များက ပြောသည်။
တရုတ်နိုင်ငံတွင် ဖရဲသီးအထွက်နည်းမှုနှင့် မြန်မာနိုင်ငံတွင် Covid-19 ကြောင့် ဖရဲ စိုက်ပျိုးမှု လျော့ကျသည့်အခြေအနေများကြောင့် ဖရဲစတင်ထွက်ရှိသည့် ကာလတွင် တာထွက် ကောင်းသည့် အနေအထားဟုဆိုနိုင်ပြီး ဖရဲ တစ်တန်လျှင် မြန်မာကျပ်ငွေ ၃၈၈,ဝဝဝ မှ ၄၈၅,ဝဝဝ ဝန်းကျင်ရရှိနေပြီး စိုက်ပျိုးထုတ် လုပ်သူများအတွက် တွက်ခြေကိုက်သည်ဟု ဆိုနိုင်ကြောင်း မူဆယ် ၁ဝ၅ မိုင် အခြေစိုက် သစ်သီးပွဲရုံပိုင်ရှင် ဦးစိုင်းမြင့်ဗိုလ်က ပြောသည်။ဖရဲစိုက်ပျိုးမှုလျော့သည့်အတွက် တစ်ရက် လျှင် ကားစီးရေ ၁ဝ စီးခန့်သာတင်ပို့ထားနိုင် သေးသည်ဟုဆိုသည်။
''စျေးနှုန်းက ကြားရတာမဆိုးဘူး။ မြန်မာ နိုင်ငံမှာ ကိုဗစ်ကြောင့် စိုက်ပျိုးတာ သုံးချိုး တစ်ချိုးလောက်ပဲရှိတယ်''ဟု မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းဥက္ကဌ ဦးနိုင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါအခြေအနေ များကြောင့် လက်ရှိတင်ပို့နေသည့် နယ်စပ် စျေးကွက်ကို ပိတ်ဖွယ်မရှိသေးသလို လက်ရှိ တွင်လည်း ကားနှင့်ပစ္စည်းကိုသာ တရုတ်ပြည် သို့ဝင်ခွင့်ပြုကာ ယာဉ်မောင်းလဲလှယ်သည့် စနစ်ကို ကျင့်သုံးနေကြောင်း လုပ်ငန်းရှင် များကဆိုသည်။
လက်ရှိ စျေးကွက်အနေအထားကောင်း မွန်ခြင်းကြောင့် စိုက်ပျိုးမှု၏ ထက်ဝက်ခန့် သာရှိသေးသော်လည်း ထပ်မံစိုက်ပျိုးလိုလျှင် စက်တင်ဘာလမှ နောက်နှစ် ဖေဖော်ဝါရီလ အထိ စိုက်ပျိုးနိုင်သဖြင့် တရုတ်စျေးကွက်အခြေ အနေတွင် တည်မှီနေကြောင်း ဦးနိုင်ဝင်းက ဆိုသည်။
''မတော်တဆ ကိုဗစ်ရောဂါ တိုးလာမှာ စိုးရိမ်ရတာပေါ့။ ကျွန်တော်တို့ကတော့ စိုက် တဲ့သူတွေကို ချင့်ချိန်စိုက်ပါလို့ပဲ ပြောနိုင်တယ်။ ဒီလိုပဲ ပုံမှန်သွားခွင့်ရှိတယ်။ တရုတ်က ဒီလိုပဲ ဝယ်နေတယ်ဆိုရင်တော့ ဒီနှစ်က စိုက်အား နည်းတာမို့ ရောင်းလိုအားက နည်းမှာလေ။ ဝယ်လိုအားများရင်တော့ စျေးကောင်းမယ်။ ကိုဗစ်သာမဖြစ်ရင် ဒီနှစ် စျေးကောင်းမှာ သေချာတယ်''ဟု ၎င်းက ပြောသည်။
လက်ရှိအခြေအနေမှာ ;စွန့်စားရမည့် အခြေအနေမျိုးဖြစ်ပြီး လက်ရှိ စွန့်စားစိုက် ပျိုးကြသည့်သူများအတွက် တွက်ခြေကိုက်နေ သည့်အနေအထားဖြစ်ကာ တရုတ်နယ်စပ်တွင်သာကိုဗစ်မဖြစ်ပွားပါက လက်ရှိအခြေအနေ အတိုင်း တင်ပို့ခွင့်ရရှိနေရန် မျှော်လင့်ထား ကြောင်း ဦးစိုင်းမြင့်ဗိုလ်က ပြောသည်။
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်အတွင်းက ဖရဲတန်ချိန် ရှစ်သိန်းနှင့် သခွားမွှေးတန်ချိန် ၁ ဒသမ ၅ သိန်းအထိတင်ပို့နိုင်ခဲ့ကာ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်အတွင်း ဖရဲတန်ချိန် ခြောက်သိန်းနှင့် သခွားမွှေးတန်ချိန် ၁ ဒသမ လေးသိန်းအထိ တင်ပို့ထားကြောင်း ဦးနိုင်ဝင်းက ပြောသည်။

















