မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)မှ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလ အတွင်း ရင်းနှီးမြှုပ်နှံမှုအသစ်နှင့် ထပ်မံ တိုးမြှင့်ခြင်းအပါအဝင် အမေရိကန်ဒေါ်လာ ၁၂၉ သန်းကျော်နှင့် ကျပ် ၁၃၉ ဘီလီယံ ကျော်ရှိ လုပ်ငန်းများကို ခွင့်ပြုပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးကို ၂ဝ၂ဝ ပြည့်နှစ် စက်တင် ဘာလ ၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ကာ အထက်ပါရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုပေး ခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အစည်းအဝေးတွင် ဆောင်ရွက်ဆဲလုပ်ငန်း ၁ဝ ခုမှ မတည်ငွေရင်း တိုးမြှင့်ခြင်းအပါ အဝင် ကုန်ထုတ်လုပ်မှုကဏ္ဍ နှင့် အခြား ဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ် ရှစ်ခု ကိုခွင့်ပြုကာ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၉ ဒသမ ၅၇၃ သန်းနှင့် ကျပ် ၁၃၉,၄၃၈ ဒသမ ၃၃၂ သန်း ရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ် အကိုင်အခွင့်အလမ်းပေါင်း ၁,၁၅၇ ခု ရရှိ မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂ဝ၁၉-၂ဝ၂ဝ ကဏ္ဍနှစ် အောက် တိုဘာ ၁ ရက်မှ စက်တင်ဘာအထိ မြန်မာ နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၅ ဒသမ ၁ ဘီလီယံကျော် ရရှိနေပြီဖြစ်ကာ လုပ်ငန်းပေါင်း(၂၂ဝ)ကျော် ဝင်ရောက် ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ် ပြန်ချက်များအရ သိရသည်။
၂ဝ၂ဝ ပြည့်နှစ် သြဂုတ်လကုန်အထိ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ များမှာ စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ ဖြစ်ကာ နိုင်ငံ ၅၁ နိုင်ငံမှ စီးပွားရေးကဏ္ဍ ၁၂ ခုတွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည်။အများဆုံးရင်းနှီးမြှုပ်နှံမှုမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၆ ဒသမ ၃၂ ရာခိုင်နှုန်းရှိပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် ၂၆ ဒသမ ၂၃ ရာခိုင်နှုန်း၊ ကုန် ထုတ်လုပ်မှုကဏ္ဍတွင် ၁၄ ဒသမ ၃၁ ရာခိုင် နှုန်းတို့ရှိကြောင်း ဖော်ပြထားသည်။

















