တရုတ်ရှိ Sinovac Biotech ကုမ္ပဏီသည် စမ်းသပ်ထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေးကို ကုမ္ပဏီဝန်ထမ်းနှင့် ၎င်းတို့ိ၏မိသားစုဝင် ၉၀ ရာခိုင်နှုန်းခန့်ကို ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း Sinovac ၏အမှုဆောင်အရာရှိချုပ် ယင် ဝေတုံက စက်တင်ဘာ ၆ ရက်တွင် ပြောဆိုခဲ့သည်။
Sinovac က ထုတ်လုပ်ထားသည့် CoronaVac ကာကွယ်ဆေးသည် တတိယအဆင့်သို့မဟုတ် နောက်ဆုံးအဆင့် စမ်းသပ်မှုကို ပြုလုပ်နေပြီဖြစ်သည်။ တရုတ်အစိုးရ၏အရေးပေါ်အစီအစဉ်အရ စစ်သည်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍရှိ ဝန်ထမ်းများကို ဦးဆုံး ကာကွယ်ဆေးထိုးပေးရန် စီစဉ်ထားသည်။
ကာကွယ်ဆေးထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သောကြောင့် နောက်ထပ်ကူးစက်မှုဖြစ်လာပါက ကာကွယ်ဆေးထုတ်လုပ်မှုအကြီးအကျယ်ထိခိုက်သွားနိုင်ကြောင်း ယင်က ပေကျင်း၌ ပြုလုပ်သည့် နိုင်ငံတကာကုန်သွယ်ရေးပြပွဲတွင်ပြောဆိုခဲ့သည်။
၎င်း၏ဇနီးနှင့် မိဘများလည်း ကာကွယ်ဆေးထိုးနှံခဲ့ပြီးဖြစ်ကာ မထိုးမီတွင် ဘေးထွက်ဆိုးကျိုးများရှိနိုင်ကြောင်း ဦးဆုံးရှင်းပြခဲ့ပြီးဖြစ်သည်ဟု ယင်ကပြောဆိုခဲ့သည်။ CoronaVac ထိုးနှံပြီးနောက် ပင်ပန်းနွမ်းနယ်ခြင်း၊ အဖျားတက်ခြင်း၊ နာကျင်ခြင်းတို့ရှိတတ်ကြောင်း Sinovac က အစမ်းသပ် ၆၀၀ ကို စမ်းသပ်ထိုးနှံပြီးနောက် ထွက်ရှိလာသည့် ရလဒ်များအရသိရှိခဲ့ပြီးဖြစ်သည်။

















