တောင်ကိုရီးယား၌ COVID-19 ကူးစက်သူသစ် ၂၀၀ အောက်  လေးရက်ဆက်တိုက် ရပ်တည်

တောင်ကိုရီးယား၌ COVID-19 ကူးစက်သူသစ် ၂၀၀ အောက်  လေးရက်ဆက်တိုက် ရပ်တည်

တောင်ကိုရီးယား၌ စက်တင်ဘာ ၅ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၆၇ ဦးရှိခဲ့သောကြောင့် နေ့စဉ် COVID-19 ကူးစက်သူသစ် ၂၀၀ အောက်ရှိသည်မှာ လေးရက်ဆက်တိုက်ရှိခဲ့ပြီဖြစ်ကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟိုဌာန(KCDC) က စက်တင်ဘာ ၆ ရက်တွင် ဖော်ပြခဲ့သည်။

တောင်ကိုရီးယား၌ စက်တင်ဘာ ၄ ရက်တွင် COVID-19 ကူးစက်သူသစ် ၁၆၈ ဦးရှိခဲ့သည်။ တောင်ကိုရီးယား၌ COVID-19 ကူးစက်သူသစ် ၂၁၁၇၇ ဦးနှင့် သေဆုံးသူ ၃၃၄ ဦးရှိနေပြီဖြစ်သည်။ တောင်ကိုရီးယား၌ ကနဦးတွင် COVID-19 ကူးစက်မှုကို အောင်မြင်စွာ တိုက်ဖျက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဘုရားကျောင်းတစ်ကျောင်းနှင့် သြဂုတ်လလယ်ပိုင်းတွင် ပြုလုပ်ခဲ့သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများကြောင့် ကူးစက်သူဦးရေ ပြန်လည်မြင့်မားလာခဲ့သည်။

သြဂုတ်အကုန်ပိုင်းတွင် တစ်ရက်အတွင်း ကူးစက်သူသစ် ၄၄၁ ဦးဖြင့် အမြင့်ဆုံးရောက်ရှိပြီနောက် လွန်ခဲ့သောလေးရက်အတွင်း ကူးစက်သူသစ်ဦးရေသည် ၂၀၀ အောက်သာရှိခဲ့သည်။ ကူးစက်မှုဗဟိုချက်ဖြစ်နေသည့် ဆိုးလ်မြို့နှင့် ဝန်းကျင်ဒေသများတွင် တင်းကျပ်သော ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ချမှတ်ထားသည်။ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များသည် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဖြစ်သည်။

တောင်ကိုရီးယားအစိုးရသည် ကူးသန်းသွားလာမှုကန့်သတ်ချက်ကို စက်တင်ဘာ ၁၃ ရက်အထိ သက်တမ်းတိုးကြောင်း စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ကူးစက်သူသစ်ဦးရေ ထိုးကျသွားရေးအတွက် အချိန်များစွာယူရမည်ဖြစ်ကြောင်း အစိုးရကပြောဆိုခဲ့သည်။

နောင်တွင်ဖြစ်လာမည့် ကူးစက်ရောဂါများကို ပိုမိုတိုက်ဖျက်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍကို ပြုပြင်ပြောင်းလဲရန် အစိုးရက စီစဉ်မှုကို အလုပ်သင်နှင့်ဆရာဝန် ၁၆၀၀၀ တို့က ဆန့်ကျင်သပိတ်မှောက်မှုကြောင့် COVID-19 တိုက်ဖျက်ရေးလုပ်ငန်းများ ထိခိုက်ခဲ့ရသည်။

သပိတ်မှောက်မှုကို ရပ်ဆိုင်းရန် တောင်ကိုရီးယားဆရာဝန်အသင်းနှင့် အစိုးရတို့ကြား စက်တင်ဘာ ၄ ရက်တွင် သဘောတူညီမှုရရှိခဲ့သော်လည်း အလုပ်သင်ဆရာများကမူ ယင်းသဘောတူညီမှုကို လက်မခံဘဲ ဆက်လက်သပိတ်မှောက်နေဆဲဖြစ်သည်။ အလုပ်သင်ဆရာဝန်များသည် စက်တင်ဘာ ၇ ရက်တွင် လုပ်ငန်းခွင်ပြန်ဝင်နိုင်ခြေရှိနေ်ကြောင်း ယွန်ဟတ်သတင်းဌာနက စက်တင်ဘာ ၆ ရက်တွင် ဖော်ပြခဲ့သည်။