တိုင်ဖွန်းဒဏ်ခံဒေသသို့ မြောက်ကိုရီးယားခေါင်းဆောင် သွားရောက်ကြည့်ရှု

တိုင်ဖွန်းဒဏ်ခံဒေသသို့ မြောက်ကိုရီးယားခေါင်းဆောင် သွားရောက်ကြည့်ရှု

တိုင်ဖွန်းမုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒေသသို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် စက်တင်ဘာ ၅ ရက်တွင် သွားရောက်ကြည့်ရှုခဲ့သည်။

ထို့ပြင် ကင်ဂျုံအန်သည် ဒေသဆိုင်ရာပါတီကော်မတီဥက္ကဋ္ဌတစ်ဦးကိုလည်း ရာထူးမှဖယ်ရှားခဲ့ပြီး ပြုံယမ်းရှိ ထိပ်တန်းခေါင်းဆောင်များအနေဖြင့် ပြန်လည်ဦးမော့ရေးဆောင်ရွက်ချက်များကို ဦးဆောင်ရန် ညွှန်ကြားခဲ့သည်။ တောင်နှင့် မြောက်ဟမ်ဂျွန်ခရိုင်များရှိ နေအိမ်အလုံး ၁၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြခဲ့သည်။ စပါးခင်းများလည်း ရေလွှမ်းမိုးခံခဲ့ရသည်။

ကင်သည် ပြန်လည်ထူထောင်ရေးဆိုင်ရာ အမှုဆောင်ကော်မတီဝင်များကို ဦးဆောင်ကာ မုန်တိုင်းဒဏ်ခံဒေသများသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ မုန်တိုင်းဒဏ်ခံဒေသများသို့ ဆောက်လုပ်ရေးအဖွဲ့များနှင့် ဆောက်လုပ်ရေးပစ္စည်းများ အမြန်ဆုံးစေလွှတ်ပေးပို့ရန်လည်း ကင်က ညွှန်ကြားခဲ့သည်။

ကင်သည် တောင်ဟမ်ဂျွန်ခရိုင်ပါတီဥက္ကဋ္ဌကိုရာထူးမှဖယ်ရှားပြီး ဥက္ကဋ္ဌသစ်တစ်ဦးကို ခန့်အပ်ခဲ့သည်။ တိုင်ဖွန်းဒဏ်ကာကွယ်ရေးအတွက်  ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် ပျက်ကွက်ခဲ့သည့် အစိုးရအရာရှိများအား ပြစ်ဒဏ်ချမှတ်ရန် မြောက်ကိုရီးယားအာဏာရပါတီက တိုက်တွန်းခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်းနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ယခုနှစ်သည် မကြုံစဖူးထူးကဲသည့် အခက်အခဲများရှိခဲ့ကြောင်း ကင်က မြို့တော်ရှိ ပါတီဝင်များထံသို့ ပေးပို့သည့် စာတွင်ဖော်ပြထားသည်။ တိုင်ဖွန်းဒဏ်ခံဒေသများ ပြန်လည်ထူထောင်ရေးအတွက် မြို့တော်ရှိ ပါတီဝင် ၁၂၀၀၀ ကို ယင်းဒေသများသို့ စေလွှတ်ရန် ပါတီဗဟိုကော်မတီက ဆုံးဖြတ်ခဲ့သည်။