အိန္ဒိယနိုင်ငံ၌ စက်တင်ဘာ ၅ ရက်တွင် COVID-19 ကူးစက်သူသစ် ၈၆၄၃၂ ဦးရှိခဲ့သောကြောင့် ကူးစက်သူစုစုပေါင်း ၄၀၂၃၁၇၉ ဦးရှိနေပြီးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးပြီးနောက် ကူးစက်သူလေးသန်းကျော်ရှိသည့် တတိယမြောက်နိုင်ငံဖြစ်လာခဲ့သည်။
အမေရိကန်ပြည်ထောင်စု၌ COVID-19 ကူးစက်သူ ၆ ဒသမ ၃ သန်းကျော်နှင့် ဘရာဇီး၌ COVID-19 ကူးစက်သူ ၄ ဒသမ ၁ သန်းကျော်ရှိနေသည်။ စီးပွားရေးပြန်လည်ဦးမော့လာရေးအတွက် အိန္ဒိယအစိုးရသည် ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ဖြေလျှော့လိုက်ပြီးနောက် ကူးစက်သူဦးရေ အဆမတန်တိုးပွားလာ ပြီး တစ်ရက်လျှင် ကူးစက်သူသစ် ၈၀၀၀၀ ကျော်ရှိလာကာ တစ်ရက်လျှင် သေဆုံးသူဦးရေသည်လည်း ၁၀၀၀ ကျော်ရှိလာခဲ့သည်။
အိန္ဒိယရှိ COVID-19 ကူးစက်သူဦးရေသည် ၁၃ ရက်အတွင်း သုံးသန်းမှ လေးသန်းအထိရှိလာခဲ့ပြီး ယင်းကဲ့သို့ တိုးပွားမှုနှုန်းသည် အမေရိကန်ပြည်ထောင်စုနှင့် ဘရာဇီးတို့ထက်ပင် ပိုမိုမြန်ဆန်ခဲ့သည်။ ကူးစက်ရောဂါသည် ကျန်းမာရေးစောင့်ရှောက်မှုအားနည်းသည့် ကျေးလက်ဒေသများသို့ ပျံ့နှံ့နေပြီဖြစ်ပြီး ဒေလီနှင့် မွမ်ဘိုင်းကဲ့သို့ မြို့ကြီးများ၌လည်း အကြီးအကျယ်ပျံ့နှံ့နေပြီဖြစ်သည်။ အိန္ဒိယ၌ တစ်နိုင်ငံလုံးအလိုက် ကူးသန်းသွားလာမှုကန့်သတ်သည့် မတ်မှစ၍ မဟာရာသျှတ္တရပြည်နယ်သည် ကူးစက်မှုအကျပ်အတည်း၏ဗဟိုချက်ဖြစ်နေခဲ့သည်။
အိန္ဒိယရှိ နေ့စဉ်ကူးစက်သူသစ်များ၏လေးပုံတစ်ပုံသည် မဟာရာသျှတ္တရပြည်နယ်၌ ရှိနေသည်။ အိန္ဒိယ၌ COVID-19 ကူးစက်သူ အမြင့်ဆုံးအဆင့်သို့မရောက်ရှိသေးဘဲ မဟာရာသျှတ္တရပြည်နယ်သည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး၏ ဗဟိုချက်ဖြစ်နေရမည်ဖြစ်ကြောင်း အိန္ဒိယ၌ COVID-19 ကူးစက်မှုကို လေ့လာစောင့်ကြည့်နေသည့် ဘောဂဗေဒပါမောက္ခတစ်သီးဖြစ်သလို အစိုးရအကြံပေးဟောင်းလည်းဖြစ်သည့် ရှာမီကာ ရာဗီကပြောဆိုခဲ့သည်။
မဟာရာသျှတ္တရပြည်နယ်တွင် မထိန်းချုပ်နိုင်ဘဲ အိန္ဒိယ၌ ထိန်းချုပ်နိုင်မည်မဟုတ်ကြောင်း ရာဗီကပြောဆိုခဲ့သည်။

















