မြဝတီမြို့ အမှတ်(၂)တံတားမှ ခိုးဝင်လာသည့် ထိုင်းပြည်တော်ပြန် အမျိုးသမီး၌ COVID-19 ရောဂါပိုးတွေ့

မြဝတီမြို့ အမှတ်(၂)တံတားမှ ခိုးဝင်လာသည့် ထိုင်းပြည်တော်ပြန် အမျိုးသမီး၌ COVID-19 ရောဂါပိုးတွေ့

မြန်မာ-ထိုင်းနယ်စပ် အမှတ်(၂) ချစ်ကြည်ရေးတံတားကြီးရှိ ပစ္စည်းများ တင်သွင်းသည့်ဂိတ်မှ ခိုးဝင်လာသော ထိုင်းပြန်အမျိုးသမီးတွင် COVID-19 ကူးစက်ရောဂါ  Positive တွေ့ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် မင်းရွာကျေးရွာအုပ်စု၊ လိမ္မော်ကုန်းကျေးရွာနေအသက် (၃၄)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မြန်မာ- ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား BCF Zone တွင် အဖွဲ့စုံဖြင့် ကျန်းမာရေးစစ်ဆေးမှုကို ခံယူခြင်း မပြုဘဲ Cargo ဘက်ခြမ်းမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်မှလာရောက်သည့် Cargo ယာဉ်တွဲကားဖြင့် စက်တင်ဘာ ၁ ရက်တွင် တရားမဝင်ဖြတ်သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် မော်လမြိုင်မြို့မှလာရောက်သည့် Probox ယာဉ်ဖြင့် တရားမဝင်လိုက်ပါခဲ့ပြီး ၎င်း၏နေအိမ်ရှိရာ မော်လမြိုင်မြို့သို့ ရောက်ရှိနေထိုင်နေသည်ကို သတင်းရရှိပြီး တာဝန်ရှိသူများက အဆိုပါနေ့ည၌ပင် သွားရောက်ခေါ်ယူ၍ Community Based Quarantine Centre သို့ပို့ဆောင် ပေးခဲ့ပြီး COVID-19 ရယူစစ်ဆေးခဲ့ရာ စက်တင်ဘာ ၆ ရက်၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ COVID-19 ပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါအမျိုးသမီးတွင် COVID-19 ပိုးတွေ့ရှိခဲ့ခြင်းကြောင့် ၎င်းအား ခေါ်ဆောင်လာသည့် Probox ယာဉ်မောင်းကို ဆက်သွယ်စုံစမ်းခဲ့ရာ ဆက်သွယ်မှုရရှိခဲ့ပြီး ယာဉ်မောင်းနှင့်အတူ ၎င်း၏တူနှင့်တူမ နှစ်ဦး စုစုပေါင်း သုံးဦးအား မော်လမြိုင်တက္ကသိုလ်၊ (၁၀)မြို့နယ် Facility Quarantine ဆောင်တွင် Quarantine ထားရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် Facility Quarantine မှတာဝန်ရှိသူများ ပူးပေါင်း၍ တရားမဝင်ဂိတ်ပေါက်မှ ခိုးဝင်ခဲ့သည့်အမျိုးသမီးအား အရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး