ကစားသမားမပီသသည့် အပြုအမူကြောင့် ၂ဝ၂ဝ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှ ဂျိုကိုဗစ် ထုတ်ပယ်ခံရ

ကစားသမားမပီသသည့် အပြုအမူကြောင့် ၂ဝ၂ဝ ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲမှ ဂျိုကိုဗစ် ထုတ်ပယ်ခံရ

ကမ္ဘာ့နံပါတ် ၁ တင်းနစ်အကျော်အမော် ဂျိုကိုဗစ်သည် အားကစားသမား မပီသသည့်အပြုအမူကြောင့် ၂ဝ၂ဝ ယူအက်စ် အိုးပင်း အမျိုးသားတစ်ဦးချင်း တင်းနစ်ပြိုင်ပွဲမှ ထုတ်ပယ်ခံခဲ့ရကြောင်း ဒေးလီးမေးလ်က ဖော်ပြခဲ့သည်။

ဂျိုကိုဗစ်သည် စက်တင်ဘာ ၆ ရက်က နယူးယောက်တွင် ပြိုင်ပွဲ၏ စတုတ္ထအဆင့် အဖြစ် စပိန်သား ဘူစတာနှင့်ယှဉ်ပြိုင်ခဲ့ရာ ပထမပွဲငယ်၌ ၆-၅ ဖြင့် ရှုံးနိမ့်ခဲ့စဉ် ဘောင်းဘီ အိတ်ကပ်ထဲမှ တင်းနစ်ဘောလုံးကို ထုတ်ပြီး ဘေးသို့ အမှုမဲ့အမှတ်မဲ့ရိုက်လိုက်ရာ အနီးအနားတွင် မတ်တတ်ရပ်နေသော ဘေးစည်း စောင့်ကြည့်ဒိုင် အမျိုးသမီး လော်ရာကလပ်ခ် ကို ထိမှန်သွားခဲ့သည်။

ဂျိုကိုဗစ်သည် ဘောလုံးဖြင့်ထိသွားသည်ကို မြင်မြင်ချင်း ကလပ်ခ်ဆီသွား၍ အခြေ အနေမေးမြန်းခဲ့သည်။ ကလပ်ခ်မှာ လည်ပင်း ထိသွားခြင်းဖြစ်ပြီး နာကျင်နေခဲ့သည်ကို တွေ့ရသည်။ ထို့နောက် တာဝန်ရှိဒိုင်များ က ၁ဝ မိနစ်ကြာ ဆွေးနွေးခဲ့ပြီးနောက် ဂျိုကိုဗစ်အား ပြိုင်ပွဲမှထုတ်ပယ်ရန် ဆုံးဖြတ် ခဲ့သည်။

၂ဝ၂ဝ ယူအက်စ်အိုးပင်း တင်းနစ် ပြိုင်ပွဲမှာ COVID-19 ကာလအတွင်း ကျင်းပ နေသည့် ဂရင်းစလင်းပြိုင်ပွဲဖြစ်ပြီး လက်ရှိ ချန်ပီယံနာဒယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံရမည်ဆိုး၍ ပြိုင်ပွဲမဝင်ခဲ့ဘဲ ဆွစ်ဇာလန် တင်းနစ်အကျော်အမော် ဖက်ဒါရာမှာလည်း မပါဝင်ခဲ့ရာ ဂျိုကိုဗစ်မှာ ချန်ပီယံဖြစ်ရန် ရေပန်း အစားဆုံးဖြစ်ခဲ့သော်လည်း ယခုကဲ့သို့ မထင် မှတ်သည့်ဖြစ်ရပ် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

ယူအက်စ်အိုးပင်းစည်းမျဉ်းစာအုပ်၌ ဂျိုကိုဗစ်၏လုပ်ရပ်ကို Physical abuse ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ပြိုင်ပွဲဝင် တစ်ဦးအနေဖြင့် မည်သည့်ဒိုင်၊ ပြိုင်ဘက်နှင့် ပရိသတ်များကိုPhysical abuse ပြုလုပ်ပါက ဒဏ်ကြေးအပြင် ပြိုင်ပွဲမှထုတ်ပယ် ခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ယခုအခါ ဂရင်းစလင်း (၁၈)ကြိမ် ဆွတ်ခူးရန် ရည်မှန်းနေသော ဂျိုကိုဗစ်၏ဆန္ဒမှာ ပျက်ပြယ် ခဲ့ရပြီ ဖြစ်သည်။

ဂျိုကိုဗစ်က ၎င်း၏လုပ်ရပ်ကြောင့် ခံလိုက်ရသော အမျိုးသမီးအနေဖြင့် စိတ်ပူပန်သောက ရောက်ခဲ့ရသောကြောင့် အလွန်အမင်း တောင်းပန်ပါကြောင်း ဆိုရှယ်မီဒီယာတွင် ပို့စ်တင်ခဲ့သည်။

ဂျိုကိုဗစ်သည် ၂ဝ၂ဝ ပြည့်နှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသေးကြောင်း သိရသည်။

ပြည့်ဖြိုး ဘာသာပြန်သည်။



ဖတ်ရှုမှုအများဆုံး