တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန် တောင်ကိုရီးယားသို့ ဝင်ရောက်တိုက်ခတ်

တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန် တောင်ကိုရီးယားသို့ ဝင်ရောက်တိုက်ခတ်

ဂျပန်နိုင်ငံတောင်ပိုင်းသို့ စက်တင်ဘာ ၆ ရက်တွင် ဝင်ရောက်တိုက်ခတ်ခဲ့သည့် တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန်သည် စက်တင်ဘာ ၇ ရက်တွင် တောင်ကိုရီးယားသို့ ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင့် အဆောက်အအုံများစွာ ထိခိုက်ပျက်စီးပြီး လမ်းများ၌ ရေကြီးရေလျှံကာ နေအိမ်အလုံးထောင်ပေါင်းများစွာ လျှပ်စစ်ဓာတ်အားမရရှိဘဲနေထိုင်ခဲ့ရသည်။

တောင်ကိုရီးယား၌ လူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း အရေးပေါ်ဌာနများကပြောဆိုခဲ့သည်။ တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန်သည် လေတိုက်နှုန်း တစ်နာရီ ၁၂၆ ကီလိုမီတာ နှုန်းဖြင့် အရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့ အူလ်ဆန်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ကိုရီးယားမိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။ ရက်သတ္တပတ်များစွာအတွင်း ကိုရီးယားကျွန်းဆွယ်သို့ တတိယမြောက်ဝင်ရောက်ခဲ့သည့် တိုင်ဖွန်းဟိုင်ရှန်သည် အင်အားပျော့သွားပြီး လာမည့် ၂၄ နာရီအတွင်း အပူပိုင်းမုန်တိုင်းအဖြစ် အဆင့်လျှော့ချသတ်မှတ်ခံရမည်ဖြစ်သည်။

နိုင်ငံတောင်ပိုင်း ဂျဲဂျူးကျွန်းသို့ သွားရောက်မည့် လေယာဉ်ခရီးစဉ်နှင့် ကျွန်းမှထွက်ခွာမည့် လေယာဉ်ခရီးစဉ် ၃၁၈ ခုခန့်ကို ဖျက်သိမ်းခဲ့ရကြောင်း ကိုရီးယားလေဆိပ်ကော်ပိုရေးရှင်းကထုတ်ပြန်ခဲ့သည်။ တောင်ပိုင်းကုန်းမကြီးနှင့် ဂျဲဂျူးတို့ရှိ လျှပ်စစ်ဓာတ်အားမရရှိဘဲ နေထိုင်နေရသည့် အိမ်အလုံး ၁၇၆၂၀ အနက် ၁၁၅၂၃ ခုတို့သည် လျှပ်စစ်ဓာတ်အားပြန်လည်ရရှိခဲ့ပြီဖြစ်သည်။ တရုတ်ဘာသာ၌ ပင်လယ်နတ်ဘုရားဟု အဓိပါ္ပယ်ရသည့် ဟိုင်ရှန်သည် ဂျပန်နိုင်ငံရှိ အိုကီနာဝါနှင့် တောင်ပိုင်းကျွန်းစုများသို့ ဝင်ရောက်ခဲ့ပြီးဖြစ်သည်။

ရီလွင် ဘာသာပြန်သည်။