အလားအလာရှိသော COVID-19 ကာကွယ်ဆေးတစ်မျိုး ကို ဇန်နဝါရီလတွင် ရရှိနိုင်မည်ဟု မျှော်လင့်ထားကြောင်း သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင်က စက်တင်ဘာ ၇ ရက်တွင် ပြောဆိုခဲ့သည်။
နိုင်ငံအတွင်း COVID-19 နေ့စဉ် ကူးစက်သူသစ်ဦးရေလည်း ကျဆင်းနေပြီဖြစ်သည်။
အစိုးရအဖွဲ့သည် AstraZeneca နှင့် အောက်စ်ဖို့ဒ်တက္ကသိုလ်တို့မှ ထုတ်လုပ်ထားသော ကာကွယ်ဆေးနှင့် ကွင်းစ်လန်တက္ကသိုလ်ရှိ CSL ဓာတ်ခွဲခန်းမှ ထုတ်လုပ်ထားသော ကာကွယ်ဆေးတို့ကို ထုတ်လုပ်ရန်အတွက် CSL နှင့် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ကြောင်း မောရစ်ဆင်ကပြောဆိုခဲ့သည်။
"သြစတြေးလျမှာ မျှော်လင့်ချက်အချို့ ထားဖို့ လိုအပ်တယ်။ ဒီနေ့မှာဆိုရင် ကျွန်တော်တို့ဟာ သြစတြေးလျနိုင်ငံသားတွေကို COVID-19 အန္တရာယ်မှ ကာကွယ်ပေးနိုင်ဖို့အတွက် အရေးပါတဲ့ ခြေလှမ်းတစ်လှမ်းကို လှမ်းလိုက်ပါပြီ" ဟု ဝန်ကြီးချုပ်က ပြောဆိုခဲ့သည်။
မကြာသေးမီက တွေ့ရှိရသော အထောက်အထားများအရ ကာကွယ်ဆေး နှစ်ခု စလုံးသည် နှစ်ပေါင်းများစွာ ကာကွယ်ပေးနိုင်မည်ဟု ကာကွယ်ဆေးနှစ်ခု စလုံးအတွက် ဦးဆောင်ဦးရွက်ပြုနေသည့် သိပ္ပံပညာရှင်များက ပြောဆိုထားကြောင်း ကျန်းမာရေးဝန်ကြီး ဂရတ်ဟန့်က ပြောဆိုခဲ့သည်။
ဗြိတိန်၊ ဘရာဇီးနှင့် တောင်အာဖရိကတို့၌ လက်ရှိတွင် နောက်ဆုံးအဆင့် စမ်းသပ်မှုများကို ပြုလုပ်နေသော AstraZeneca ကုမ္ပဏီက ထုတ်လုပ်သော ကာကွယ်ဆေးနှင့်ပတ်သက်၍ CSL က တစ်ကြိမ်သုံးပမာဏ ၃ ဒသမ ၈ သန်း ထုတ်လုပ်ပေးမည်ဖြစ်ကြောင်း မောရစ်ဆင်ကပြောဆိုခဲ့သည်။
AstraZeneca မှ ထုတ်လုပ်သော ကာကွယ်ဆေး AZD1222 သည် ထိရောက်မှု ရှိသော ကာကွယ်ဆေးတစ်ခုအဖြစ် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးထုတ်လုပ်မှုလမ်း ကြောင်းပေါ်တွင် ရှေ့ဆုံးမှ ဦးဆောင်နေသူဖြစ်သည်။ AZD1222 ကာကွယ်ဆေးကို ဝယ်ယူရန်အတွက် စီစဉ်ထားကြောင်း အစိုးရက သြဂုတ်တွင် ကြေညာခဲ့ပြီးဖြစ်သည်။

















