ရွှေ့ဆိုင်းထားသော တိုကျိုအိုလံပစ်ပြိုင်ပွဲကို လာမည့်နှစ်၌ COVID-19 ဗိုင်းရပ်စ် ရှိသည်ဖြစ်စေ၊ မရှိတော့သည်ဖြစ်စေ မဖြစ်မနေကျင်းပမည်ဖြစ်ကြောင်း အိုလံပစ်ပြိုင်ပွဲ အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ(IOC)ဒုတိယဥက္ကဋ္ဌ ဂျွန်ကိုတက်စ်က စက်တင်ဘာ ၇ တွင် ပြောဆိုခဲ့ပြီး ယင်းပြိုင်ပွဲကိုလည်း ကိုဗစ်အောင်ပွဲဟု သုံးနှုန်းသွားခဲ့သည်။
ကမ္ဘာစစ်များပြီးဆုံးသွားသည့်နောက်တွင် အိုလံပစ်ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရခြင်းမျိုး မရှိခဲ့ပေ။ ၂၀၂၁ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ပြင်ဆင်သတ်မှတ်ထားသည့်ရက်အတိုင်း လာမည့်နှစ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း တယ်လီဖုန်းအင်တာဗျူးတစ်ခုတွင် ကိုတက်စ်က ပြောဆိုခဲ့သည်။
"COVID-19 ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒီပြိုင်ပွဲကို ကျင်းပမှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲက လာမယ့်နှစ် ဇူလိုင် ၂၃ မှာ စတင်ပါမယ်" ဟု တိုကျိုအိုလံပစ်ပြိုင်ပွဲ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ကိုတက်စ်က ပြောဆိုခဲ့သည်။
"ဒီပြိုင်ပွဲက ဆူနာမီပြီးသွားတဲ့နောက် ပြန်လည်ထူထောင်ရေးအားကစားပြိုင်ပွဲလည်းဖြစ်ပါတယ်၊အခုဆိုရင် အဆုံးသတ်ဖို့ ခက်ခဲလွန်းတဲ့ COVID-19 ကို အောင်နိုင်တဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာတော့မှာပါ" ဟု ကိုတက်စ်က ပြောဆိုခဲ့သည်။
ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရပြီးဖြစ်ကာ ၂၀၂၁ ခု နှစ် ဇူလိုင်လ ၂၃ ရက်တွင် ပြန်လည်ကျင်းပရန် သတ်မှတ်ထားပြီးဖြစ်သည်။ သို့သော် ကာကွယ်ဆေး ရရှိရန် လပေါင်းများစွာ သို့မဟုတ် နှစ်ပေါက်အောင် စောင့်ဆိုင်းရမည့် အခြေအနေတွင် ဂျပန်သည် နိုင်ငံခြားသားများအား နိုင်ငံတွင်း ဝင်ရောက်ခွင့်ပိတ်ပင်ထားသည်။
၂၀၂၁ ခုနှစ်ကို ကျော်လွန်ကာ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဒုတိယအကြိမ် ထပ်မံ ရွှေ့ဆိုင်းမည်မဟုတ်ကြောင်းလည်း ဂျပန်အာဏာပိုင်များက ပြောဆိုထားပြီးဖြစ်သည်။ ဂျပန်ရှိ လူလေးဦးလျှင် တစ်ဦးသည် လာမည့်နှစ်တွင် တိုကျိုအိုလံပစ်ပြိုင်ပွဲကို ကျင်းပစေလိုကြောင်း မကြာသေးမီတွင် ကောက်ယူခဲ့သော စစ်တမ်းတစ်ရပ်အရ သိရသည်။ အများစုမှာမူ ရွှေ့ဆိုင်းခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းကို ထောက်ခံထားကြသည်။

















