အိန္ဒိယနိုင်ငံသည် COVID-19 ကူးစက်သူဦးရေတွင် ဘရာဇီးကိုကျော်တက်ပြီး အမေရိကန်ပြည်ထောင်စုပြီးနောက် ဒုတိယအများဆုံးနိုင်ငံအဖြစ် ရပ်တည်နေပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းဌာန၏စာရင်းအင်းများအရ သိရသည်။
အိန္ဒိယ၌ စက်တင်ဘာ ၇ ရက်အထိ COVID-19 ကူးစက်သူ ၄ ဒသမ ၂ သန်းရှိခဲ့သည်။ ဘရာဇီး၌ COVID-19 ကူးစက်သူ ၄ ဒသမ ၁၂ သန်းနှင့် အမေရိကန်ပြည်ထောင်စု၌ COVID-19 ကူးစက်သူ ၆ ဒသမ ၂၅ သန်းရှိနေသည်။
COVID-19 ဖြင့်သေဆုံးသူဦးရေတွင် အိန္ဒိယ၌ ၇၁၆၄၂ ဦး၊ ဘရာဇီး၌ ၁၂၆၂၀၃ ဦးနှင့် အမေရိကန်ပြည်ထောင်စု၌ ၁၈၈၅၄၀ ရှိနေသည်။ အိန္ဒိယ၌ COVID-19 ရှိမရှိ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးနိုင်မှုမရှိခြင်းနှင့် သေဆုံးမှုစာရင်းကို ကျနသေချာစွာ မကောက်ယူနိုင်ခြင်းတို့ရှိနေသောကြောင့် တကယ်တမ်းသေဆုံးသူဦးရေသည် အစိုးရထုတ်ပြန်သည့် ဦးရေထက် ပိုမိုများပြားနိုင်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။
လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိသော အိန္ဒိယ၌ သြဂုတ်မှစ၍ တစ်ရက်လျှင် ကူးစက်သူသစ်စံချိန်တင်ရှိနေသည်။ အိန္ဒိယ၌ စက်တင်ဘာ ၇ ရက်တွင် ကူးစက်သူသစ် ၉၀၀၀၀ ကျော်ရှိခဲ့သည်။ အိန္ဒိယ၌ စက်တင်ဘာ ၅ ရက်တွင် ကူးစက်သူ လေးသန်းကျော်ခဲ့ပြီး ၁၃ ရက်အတွင်း သုံးသန်းမှ လေးသန်းသို့ တိုးလာခဲ့ခြင်းဖြစ်သည်။
ကူးစက်မှုနှုန်းတိုးလာခြင်းသည် အတော်လေးကို စိုးရိမ်စရာကောင်းလှကြောင်း ဗိုင်းရပ်စ်ဗေဒပညာရှင် ရှာဟစ် ဂျမီးကပြောဆိုခဲ့သည်။ လွန်ခဲ့သော သုံးပတ်တွင် တစ်ရက်လျှင် COVID-19 ကူးစက်သူ ပျမ်းမျှအားဖြင့် ၆၅၀၀၀ ခန့်ရှိခဲ့ရာမှ မကြာသေးမီရက်များတွင် ကူးစက်သူသစ် ၈၃၀၀၀ ခန့်ရှိလာခဲ့ကာ ယင်းသည် ရက်သတ္တပတ်နှစ်ပတ်ကျော်အတွင်း ၂၇ ရာခိုင်နှုန်းသို့မဟုတ် တစ်ရက်လျှင် ၂ ရာခိုင်နှုန်းတိုးနေခြင်းဖြစ်ကြောင်း ဂျမီးကပြောဆိုခဲ့သည်။
အိန္ဒိယ၌ တစ်ရက်လျှင် လူ ၁၀ သန်းကျော်ကို COVID-19 ရှိမရှိစစ်ဆေးနေသည်။ အစိုးရ၏ COVID-19 တိုက်ဖျက်ရေးကို အကြံပေးနေသည့် အိန္ဒိယဆေးသုတေသနကောင်စီသည် စက်တင်ဘာ ၄ ရက်တွင် COVID-19 ရှိမရှိစစ်ဆေးမှု စည်းမျဉ်းများကို ပြောင်းလဲပြီး ဆရာဝန်၏ထောက်ခံချက်မရလည်း စစ်ဆေးခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်းပြောင်းလဲမှုသည် နောက်ပင်ကျနေပြီဖြစ်ကြောင်း ဂျမီးကပြောဆိုခဲ့သည်။
စက်တင်ဘာ ၇ ရက်တွင် နယူးဒေလီအပါအဝင် အဓိကမြို့ကြီးများရှိ မြို့ပတ်ရထားစနစ်ကို ပြန်လည်ဖွင့်လှစ်ခဲ့သည်။

















