ပင်လယ်ပြင်တွင် မျောပါနေသည့် ဒုက္ခသည်တစ်စု အာချေးသို့ရောက်ရှိ

ပင်လယ်ပြင်တွင် မျောပါနေသည့် ဒုက္ခသည်တစ်စု အာချေးသို့ရောက်ရှိ

ပင်လယ်ပြင်တွင် ခြောက်လခန့်မျောပါနေခဲ့သည်ဟု ယူဆရသည့် ဘင်္ဂါလီဒုက္ခသည် ၃၀၀ ခန့်သည် အင်ဒိုနီးရှားနိုင်ငံ အာချေးသို့ စက်တင်ဘာ ၇ ရက်တွင် ရောက်ရှိခဲ့ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက အတည်ပြုပြောဆိုခဲ့သည်။

ဘင်္ဂါလီများကို တင်ဆောင်ထားသည့် သစ်သားစက်လှေတစ်စင်းကို လော့ဆျူမာဝီကမ်းလွန်၌ ဒေသခံငါးဖမ်းသမားများက မြင်တွေ့ခဲ့ပြီး စက်တင်ဘာ ၇ ရက် အစောပိုင်းတွင် အူဂျွန်း ဘလန်ကမ်းခြေသို့ ဆိုက်ကပ်ခဲ့ခြင်းဖြစ်ကြောင်း အာချေးရဲတပ်ဖွဲ့ကပြောဆိုခဲ့သည်။
အမျိုးသမီး ၁၈၁ ဦးနှင့် ကလေး ၁၄ ဦးအပါအဝင် ဒုက္ခသည် ၂၉၇ ဦးရှိနေကြောင်း နယ်မြေခံရဲမှူး အစ်တူ အီဝန်စ်ယာကပြောဆိုခဲ့သည်။ ဘင်္ဂါလီများကို ယာယီစခန်းတစ်ခုတွင် ထားရှိနေကြောင်း လောဆျူမာဝီရှိ ကြက်ခြေနီအဖွဲ့ခေါင်းဆောင် ဂျူနိုင်ဒီ ယာယာကပြောဆိုခဲ့သည်။

ရောက်ရှိလာသည့် ဘင်္ဂါလီများထဲတွင် နေထိုင်မကောင်းသည့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးပါဝင်သောကြောင့် ၎င်းကို လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်လိုက်ပြီဖြစ်သည်။ ပိုင်ဆိုင်သည့် ပစ္စည်းများကို ပလတ်စတစ်အိတ်ဖြင့် ထည့်ပြီး သယ်ဆောင်လာသည့် နှာခေါင်းစည်းတပ် အမျိုးသမီးများနှင့် အမျိုးသားများ၏ပုံများကို ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

ဇွန်တွင်လည်း အာချေးရှိ ငါးဖမ်းသမားများသည် အမျိုးသမီးနှင့် ကလေး ၇၉ ဦးပါဝင်သော ဒုက္ခသည် ၁၀၀ ကျော်ကို ကယ်တင်ခဲ့ရပြီးဖြစ်သည်။ အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံ၌ လက်နက်ကိုင်များ၏တိုက်ခိုက်မှု၊ အခြားတစ်နိုင်ငံရှိ ဒုက္ခသည်စခန်း၌ ခက်ခဲသည့် အခြေအနေများဖြင့် နေထိုင်နေရမှုတို့ကြောင့် ဘင်္ဂါလီများသည် အခြားအရှေ့တောင်အာရှနိုင်ငံတချို့တွင် ခိုလှုံခွင့်ရရေး ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ သွားလာနေရသည်။

စက်တင်ဘာ ၇ ရက်တွင် အာချေးသို့ရောက်ရှိလာသည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှ မတ်အကုန်ပိုင်းတွင် စတင်ထွက်ခွာလာသူများဖြစ်ကြပြီး မလေးရှားသို့ ဦးတည်သွားခဲ့ကြသူများဖြစ်ကြောင်း ဘင်္ဂါလီများအား အကူအညီပေးရေးလှုပ်ရှားနေသည့် ခရစ်လဲဝါကပြောဆိုခဲ့သည်။