ဂျပန်အာဏာရပါတီခေါင်းဆောင်နေရာအတွက် မဲဆွယ်ပွဲ စတင်

ဂျပန်အာဏာရပါတီခေါင်းဆောင်နေရာအတွက် မဲဆွယ်ပွဲ စတင်

ဂျပန်အာဏာရပါတီဖြစ်သော လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ၏ ဥက္ကဋ္ဌ နေရာအတွက် မဲဆွယ်မှုကို စက်တင်ဘာ ၈ ရက်၌ စတင်လိုက်ပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်သူ ၃ ဦးရှိနေပြီး အနိုင်ရ သူသည် ဂျပန်ဝန်ကြီးချုပ် ရာထူးကို ဆက်ခံရမည်ဖြစ်သည်။ 

ဝင်ရောက်ယှဉ်ပြိုင်သူ ကိုယ်စားလှယ်လောင်း ၃ ဦးသည် စက်တင်ဘာ ၈ ရက်၌ ပါတီ ဌာနချုပ်တွင် လိုအပ်သော အချက်အလက်များကို ပုံစံဖြည့်သွင်းကာ တရားဝင် မဲဆွယ်မှုများ စတင်ဆောင်ရွက်ခဲ့ကြသည်။

ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ချမှတ်ခဲ့သော အစီအစဉ်များကို အကောင်းဆုံး လိုက် နာနိုင်သူသည် အနိုင်ရဖွယ်ရှိနေကြောင်းလည်း သိရသည်။ အာဘေး၏ အစီအစဉ်များ ထဲတွင် COVID-19 ထိန်းချုပ်တားဆီးရေး၊ စီးပွားရေး ပြန်လည်ဦးမော့လာစေရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ ပါဝင်နေသည်။

ပါတီတွင်း ထောက်ခံမှုအများဆုံး ရရှိထားသော ယိုရှီဟီဒဲဆူဂါသည် အာဘေး၏ အပြီးမသတ်သေးသည့် အစီအစဉ်များ အောင်မြင်မှုရရှိစေရန် အနီးစပ်ဆုံး ဆောင်ရွက်ပေး နိုင်မည့်သူဟု ထင်ကြေးပေးခြင်း ခံနေရသည်။

ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး အာဏာရပါတီ အတွင်းရေးမှူးဟောင်းတစ်ဦးလည်းဖြစ်သော အီရှီဘာ ရှီဂဲရူက ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရမည်ဖြစ် ကာ အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာ ဖန်တီးပေးမည်ဖြစ်ပြီး ဝင်ငွေလည်း တိုး တက်လာစေရမည်ဟု ပြောဆိုကာ မဲဆွယ်ခဲ့သည်။

ပါတီမူဝါဒဆိုင်ရာအကြီးအကဲ ကီရှီဒါ ဖူမီယိုကမူ စီးပွားရေးပြန်လည်ဦးမော့လာ စေရန် ကြိုးစားဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံသားတစ်ဦးချင်းစီ၏ ဝင်ငွေများ တိုးမြင့်လာစေရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုကာ မဲဆွယ်ခဲ့သည်။

အောင်စိုးသူ ဘာသာပြန်သည်။