ရှင်ကျန်းဒေသထွက် ချည်ထုတ်ကုန်အားလုံး အမေရိကန် ပိတ်ဆို့ အရေးယူမည်ဟု သတင်းထွက် 

ရှင်ကျန်းဒေသထွက် ချည်ထုတ်ကုန်အားလုံး အမေရိကန် ပိတ်ဆို့ အရေးယူမည်ဟု သတင်းထွက် 

လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့်အတွက် တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသ မှ ထွက်ရှိလာသော ချည်ထည်နှင့်ပြုလုပ်ထားသည့် ပို့ကုန်အားလုံးကို ထရမ့်အစိုးရက ပိတ်ဆို့သွားဖွယ် ရှိနေကြောင်း စက်တင်ဘာ ၇ ရက်တွင် ရိုက်တာသတင်းဌာနက ဖော်ပြခဲ့သည်။ 

ယင်းအရေးယူ ပိတ်ဆို့မှုကို အမေရိကန်အနေဖြင့် ချက်ချင်းဆိုသလို ထုတ်ပြန်ရန် ရှိနေပြီး ရှင်ကျန်းဒေသရှိ လူနည်းစု မွတ်စလင်လူမျိုး အလုပ်သမားများအပေါ်တွင် ဖိနှိပ်မှု များရှိသည်ဟူသော စွပ်စွဲချက်ဖြင့် ယခုကဲ့သို့ အရေးယူပိတ်ဆို့ခြင်းဖြစ်ကြောင်း သတင်း များက ဖော်ပြသည်။

သို့သော် ယခုထုတ်ပြန်ဖွယ်ရှိသည့် အရေးယူပိတ်ဆို့မှုတွင် မရှင်းလင်းသော အကြောင်းအရာများလည်းရှိနေကြောင်း New York Times သတင်းဌာနက ဖော်ပြ သည်။ ရှင်ကျန်းဒေသတွင် လူနည်းစု မွတ်စလင်အလုပ်သမားများအပေါ် ဖိနှိပ်မှုများ ရှိ သည်ဟု ဆိုကာ အမေရိကန် လွှတ်တော်အမတ်များသည် ရှင်ကျန်းမှ ပို့ကုန်များအပေါ် တားမြစ်နိုင်ရေး ဥပဒေကြမ်းတစ်ခုအား လွှတ်တော်သို့ မတ်လတွင် တင်သွင်းခဲ့သည်။

သို့သော် ရှင်ကျန်းဒေသမှ ထွက်ရှိသော ချည်များအားလုံးကို တားမြစ်လိုက်ခြင်းသည် ကမ္ဘာတစ်ဝန်းရှိ အထည်ချုပ်ကဏ္ဍကို ဂယက်ရိုက်ခတ်သွားစေနိုင်ကြောင်း လေ့လာသူတချို့က ဆိုသည်။ ရှင်ကျန်းသည် ကမ္ဘာပေါ်တွင် ချည်နှင့် အထည်အလိပ်များ ထွက်ရှိရာ အဓိက ဒေသကြီးတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ နာမည်ကျော် အဝတ်အစား ကုမ္ပဏီကြီးများနှင့် လူသိများသော အဝတ်အစား အမှတ်တံဆိပ်များမှာ တရုတ်မှ ချည်ထည် ပို့ကုန်အပေါ် မှီခိုနေရသည်။

ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ သမ္မတထရမ့်သည် တရုတ်အပေါ် ကြီးမားသည့် အရေးယူမှုများ ပြုလုပ်လျက်ရှိပြီး COVID-19 အား တစ်ကမ္ဘာလုံးထံ ပျံ့နှံ့သွားစေခဲ့သည့် တရုတ်၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ သည်။