နှစ်နိုင်ငံနယ်စပ်တွင် အိန္ဒိယဘက်မှ သေနတ် ပစ်ဖောက်ခဲ့ကြောင်း တရုတ်စစ်တပ် စွပ်စွဲပြောဆို

နှစ်နိုင်ငံနယ်စပ်တွင် အိန္ဒိယဘက်မှ သေနတ် ပစ်ဖောက်ခဲ့ကြောင်း တရုတ်စစ်တပ် စွပ်စွဲပြောဆို

ပိုင်ဆိုင်မှု အငြင်းပွားခဲ့သော နယ်စပ်၌ အိန္ဒိယတပ်ဖွဲ့ဝင်များသည် နှစ်ဦးနှစ်ဖက် အပြန်အလှန်သဘောတူညီမှုအား ချိုးဖောက်ကာ လေထဲသို့ သေနတ် ပစ်ဖောက် သတိပေးခြင်းများကို စက်တင်ဘာ ၇ တွင်  ပြုလုပ်ခဲ့ကြောင်း တရုတ်ဘက်မှ စွပ်စွဲပြောဆိုလိုက်ပြီး နှစ်နိုင်ငံအကြား တင်းမာမှု ပြန်ရှိလာပြီဖြစ်သည်။ 

ထို့ကြောင့် တရုတ်နယ်ခြားစောင့်တပ်များသည် တန်ပြန်စစ်ဆင်ရေး အစီအမံများ ကို ချမှတ်ခဲ့ရကြောင်း တရုတ်စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူ ကျန်ရှုလီက ပြောဆိုခဲ့ ကြောင်း တရုတ်စစ်ဘက်ဆိုင်ရာ တရားဝင်ဝက်ဘ်ဆိုက်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ သို့သော် အိန္ဒိယဘက်မှ မည်သို့မည်ပုံ ပစ်ခတ်ခဲ့ပြီး တရုတ်ဘက်ကလည်း မည်သည့်အစီအမံများ လုပ်ဆောင်ခဲ့သည်ကိုမူ ကြေညာချက်တွင် ထည့်သွင်း မဖော်ပြ ခဲ့ပေ။

ပင်လယ်ရေမျက်နှာပြင်အထက် အလွန်မြင့်မားသော အနောက် ဟိမဝန္တာ နယ် စပ်တစ်လျှောက် လက်နက်အသုံးပြုမှုကို ကာလရှည် ရှောင်ကျဉ်ရန် သဘောတူညီချက် တစ်ခုကို နှစ်နိုင်ငံစလုံး လိုက်နာခဲ့ကြသော်လည်း ယင်းသဘောတူညီချက်သည် သေ ဆုံးခဲ့သူများအပေါ် ကာကွယ်မပေးနိုင်ခဲ့ချေ။

နယ်စပ်အငြင်းပွားမှုကြောင့် ဇွန်လ၌ ဖြစ်ပွားခဲ့သော လက်ရုံးရည်ချင်းယှဉ်သည့် ရန်ပွဲကြောင့် အိန္ဒိယတပ်မတော်မှ အရာရှိအပါအဝင် စစ်သည် ၂၀ ဦးခန့် ကျဆုံးခဲ့ရပြီး နောက် နှစ်နိုင်ငံအကြား တင်းမာခဲ့ပြီး နယ်စပ်တစ်လျှောက် တပ်ဖြန့်မှုများကို နှစ်ဘက် စလုံးက လုပ်ဆောင်ခဲ့ကြသည်။

အိန္ဒိယ၏ ယခုလုပ်ရပ်နှင့် ပတ်သက်ပြီးလည်း ချက်ချင်း စုံစမ်းစစ်ဆေးမည်ဖြစ် ကြောင်း ကျန်ရှုလီက ပြောဆိုခဲ့သည်။ '' အန္တရာယ်ရှိတဲ့ အပြုအမူမျိုးတွေ ချက်ချင်း ရပ် တန့်ပေးဖို့အတွက် အိန္ဒိယကို ကျွန်တော်တို့ မေတ္တာရပ်ခံသွားမယ်။ နောက်ပြီး သေသေချာချာ စုံစမ်းခိုင်းမှာဖြစ်တဲ့အပြင် နောက်ထပ် ဒီလိုကိစ္စမျိုး ထပ်ပြီး မဖြစ်စေဖို့အတွက် သေနတ်ပစ်ဖောက်ခဲ့တဲ့ လူကို အပြစ်ပေးဖို့ တောင်းဆိုသွားပါမယ်'' ဟု ၎င်းက ပြောဆို ခဲ့သည်။

ပေကျင်းရှိ အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံးသည် တရုတ်ဘက်မှ ယခုစွပ်စွဲပြောဆိုချက် နှင့် ပတ်သက်ပြီး ချက်ချင်း တုံ့ပြန်ခဲ့ခြင်းမရှိပေ။