ရန်ကုန်-မန္တလေး မီးရထားလမ်းနှင့် ရန်ကုန်မြို့ပတ် ရထားလမ်းတို့တွင် အသုံးပြုရန် စပိန်နိုင်ငံ CAF ရထား ထုတ်လုပ်ရေးလုပ်ငန်းထံမှ ရထားစီးရေ ၁၈ဝ ကို ဝယ်ယူရန် ဆောင်ရွက်နေ ကြောင်း မြန်မာ့မီးရထားလုပ်ငန်း၊ စက်မှုအင်ဂျင်နီယာဌာနမှ အထွေထွေ ညွှန်ကြားရေးမှူး ဦးမင်းအောင်က ပြောသည်။
စပိန်နိုင်ငံထုတ် မီးရထားများကို ဝယ်ယူရန် ဂျပန်နိုင်ငံ Mitsubishi Trading ကုမ္ပဏီ၏ စီစဉ်ပေးမှုအရ ဝယ်ယူရန် ပြင်ဆင်နေခြင်း ဖြစ်သည်။စပိန်နိုင်ငံ Construcciones y Auxiliar de Ferrocarriles လုပ်ငန်းထံမှ အမေရိကန်ဒေါ်လာ ၄ဝ၉ သန်း တန်ဖိုးရှိသော တွဲဆိုင်း ၃ဝ ပါဝင်သည့် ရထားတွဲစီးရေ ၁၈ဝ ကို ဝယ်ယူရန် လာမည့် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာတွင် သဘောတူညီမှု စာချုပ် ချုပ်ဆိုနိုင်ရန် ပြင်ဆင်နေသည် ဟု ဦးမင်းအောင်က ဆိုသည်။
'' ဥရောပ လက်ရာတွေကို ပြည်သူတွေကို ဝန်ဆောင်မှုပေးနိုင်မှာပေါ့'' ဟု ၎င်းက စပိန်မီးရထားအခြေအနေနှင့် ပတ်သက်ပြီး ပြောဆိုထားသည်။အဆိုပါ ရထားတွဲများမှာ တစ်စီးကို အမေရိကန်ဒေါ်လာ ၂ ဒသမ ၂၇သန်းတန်ကြေးရှိသည်။ ဥရောပထုတ်ရထားတွဲအသစ်ဖြစ်ပြီး ရန်ကုန်-မန္တလေးရထားလမ်းတွင် တစ်နာရီကီလို ၁ဝဝ နှုန်း ပြေးဆွဲနိုင်မည် ဖြစ်သလို ရန်ကုန်မြို့ ပတ်ရထားလမ်းတွင်လည်း အသုံးပြုသွား ရန် စီစဉ်ထားသည် ဟု ဆိုသည်။
အကယ်၍ သဘောတူညီမှု ရရှိပြီး ပါက အစီးရေ ၁၈ဝအတွက် အမေရိကန် ဒေါ်လာ ၄ဝ၉ သန်း ပေးရမည်ဖြစ်ပြီး ပထမဆုံး အသုတ်အနေဖြင့် မြို့ပတ် အတွက် ၂ဝ၂၃ ခုနှစ် ဧပြီလတွင်ပထမသုတ်၊၂ဝ၂၄ ခုနှစ်တွင် ဒုတိယသုတ် ပေးပို့မည်ဖြစ်ကာ ရန်ကုန်-မန္တလေး ရထားလမ်းအတွက် ၂ဝ၂၃ ခုနှစ်နိုဝင်ဘာလတွင် ပထမသုတ်နှင့် ၂ဝ၂၅ ခုနှစ် နောက်ဆုံးကျန်ရှိသည့် တွဲဆိုင်းများကို တင်ပို့ပေးမည် ဖြစ်သည်ဟု စာချုပ်တွင် ဖော်ပြထားကြောင်း ဦးမင်းအောင်က ဆိုသည်။
ရန်ကုန်-မန္တလေး မီးရထားလမ်း အဆင့်မြင့်တင်ခြင်း လုပ်ငန်းများမှာ ၂ဝ၂၅ ခုနှစ်မှသာ အပြီးသတ် ပြီးစီးမည် ဖြစ်ပြီး ရန်ကုန်မြို့ပတ်လမ်းပိုင်းမှာ ၂ဝ၂ဝ ပြည့်နှစ်ကုန်ပိုင်းတွင် ပြီးစီးမည် ဖြစ်သလို အချက်ပြ မီးစနစ်များမှာ ၂ဝ၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှသာ ပြီးစီးမည် ဖြစ်သည်။
ဂျပန်အစီုးရ ချေးငွေ အစီအစဉ်ဖြင့် မြန်မာနိုင်ငံတွင် မီးရထားလမ်း အဆင့် မြင့်တင်ခြင်းနှင့် ရထားတွဲများ တပ်ဆင် ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ရထားစီးရေ စုစုပေါင်း ၂ဝ၄ စီးဝယ်ယူရန်ရှိရာ ကနဦး ၂၄ စီးကို Marubeni Corporation Niigata Transys ကုမ္ပဏီထံမှ ဝယ်ယူမည် ဖြစ်ကာ ကျန် ၁၈ဝ စီးကို စပိန်နိုင်ငံ CAF ကုမ္ပဏီထံမှ ဝယ်ယူရန် ညိနှိုင်းနေခြင်း ဖြစ်သည်။
ဂျပန်နိုင်ငံ Marubeni Corporation Niigata Transys ကုမ္ပဏီက မှာယူထား သည့် ရထားတွဲဆိုင်း ၂၄ စီးမှာအမေရိကန်ဒေါ်လာ ၆၄ သန်း တန်ကြေးရှိသော တွဲဆိုင်း ရထားသစ်များဖြစ်ပြီး ပထမ သုတ်ခြောက်စီးမှာ ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာ ၅ ရက်တွင် ရောက်ရှိလာ ခဲ့ပြီး နောက်အသုတ်အနေဖြင့် ၂ဝ၂ဝ ပြည့်နှစ် နိုဝင်ဘာ၊၂ဝ၂၁ ခုနှစ်ဇန်နဝါရီ နှင့် မတ်လတို့တွင် အသုတ်လိုက် ရောက်ရှိလာမည် ဖြစ်သည်။

















