ထိုင်းနိုင်ငံ၌ သုံးလကျော်အတွင်း ပြည်တွင်း COVID-19 ကူးစက်သူသူတစ်ဦးရှိခဲ့ပြီးနောက် လူ ၆၀၀ နီးပါးကို COVID-19 ရှိမရှိစစ်ဆေးခဲ့သော်လည်း ယခုအချိန်အထိ ကူးစက်သူသစ်တစ်ဦးတစ်ယောက်မျှ မတွေ့ရှိသေးကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သော နှစ်ပတ်အတွင်း ဘန်ကောက်ရှိ ဖျော်ဖြေရေးနေရာများစွာတို့၌ နိုက်ကလပ်ဒီဂျေတစ်ဦးအဖြစ်အလုပ်လုပ်ကိုင်ခဲ့ပြီး မကြာသေးမီတွင် မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် အသက် ၃၇ နှစ် အမျိုးသား COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါအမျိုးသားသွားရောက်ခဲ့သည့် တရားရုံးအပါအဝင် နေရာ ၁၂ ခုတို့ရှိ လူပုဂ္ဂိုလ်များကို ခြေရာခံရှာဖွေပြီး COVID-19 ရှိမရှိစစ်ဆေးခဲ့ခြင်းဖြစ်သည်။
စစ်ဆေးမှု ၅၆၉ ခုပြုလုပ်ပြီး ယခုအချိန်အထိ ပိုးမတွေ့သေးဘဲ ၃၂ ဦးသည်လည်း ရလဒ်များကို စောင့်ဆိုင်းနေရဆဲဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ကူးစက်နိုင်ခြေနည်းသည်ဟု လူ ၄၀၀ ခန့်ကိုလည်း နေအိမ်မှသာ နေထိုင်ရန် ညွှန်ကြားထားသည်။
အဆိုပါ နိုက်ကလပ်ဒီဂျေအမျိုးသား မည်ကဲ့သို့ ကူးစက်ခဲ့သည်ကိုမူ မသိရသေးချေ။ ထိုင်းနိုင်ငံ၌ COVID-19 ကူးစက်သူ ၃၄၄၇ ဦးနှင့် သေဆုံးသူ ၅၈ ဦးရှိနေကာ ပြည်တွင်း ကူးသန်းသွားလာမှုကန့်သတ်ချက်များကို ဖြေလျှော့ခဲ့ပြီးဖြစ်သည်။

















